ကျွန်တော့်တွင် တိတ်တခိုး သဘောကျရသည့် အမျိုးသား တစ်ယောက်ရှိသည်။
၁၆ နှစ်အရွယ်လေးမို့ စိတ်ကစားတာလားတော့ မသိပေမယ့် သူ့ရှေ့ရောက်တိုင်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတတ်တာ ကျွန်တော်ကိုယ်တိုင် အသိဆုံး။ အလွဲလွဲအချော်ချော်နှင့် အချစ်ကို စတင်ခံစားဖူးသည့်အားလျော်စွာ အရာရာဟာ ကမောက်ကမ။
ပထမဆုံးအကြိမ် အကြည့်ချင်းဆုံတော့ ကျွန်တော် လမ်းလျှောက်နေရာမှ ချော်လဲကျခဲ့သည်။ ဒုတိတအကြိမ် အကြည့်ချင်းထပ်ဆုံချိန်က သူငယ်ချင်းတွေနှင့် ဆိုင်ထိုင်နေချိန်ဖြစ်ပြီး စားနေသည့်ပေါင်မုန့်ကြီးကို ကယောင်ကတမ်း မြိုချရာမှ ရုတ်ပျက်ဆင်းပျက် နင်သွားရသည်။ သူ့ပုံရိပ်ကို မြင်လိုက်ရတိုင်းမှာ စိတ်ကိုအေးချမ်းစေသည့်တိုင် အကြည့်ချင်းဆုံပြီဆိုလျှင်တော့ ကျွန်တော့်မှာ ရင်ဘတ်တစ်ခုလုံး မီးတောင်ပေါက်ကွဲသည့်နှယ် ခုန်လှုပ်ပူလောင်လာသည်မှာ ခဏခဏ။ ကြောက်စိတ်လည်း ဖြစ်မည့်သည့်တိုင် သဘောကျစိတ်လည်း ဖြစ်မိသည်။ ခံစားချက်တွေများ ယိုစိမ့်သွားမလားဟူသည့် စိုးရိမ်စိတ်လည်း ရှိသော်ငြား သူကျွန်တော့်ကို သတိထားမိသည်ဟူသော အသိမှ ပျော်ရွှင်မှုကိုလည်း ခံစားရသည်။ ထိုသို့ အလီလီ ခံစားခဲ့ရသည်များက စိတ်ကစားတာ ဖြစ်နိုင်သလား။
ကျွန်တော် တခြားမိန်းကလေးတွေကိုလည်း ကြိုက်ခဲ့ဖူးသည့်တိုင် သူ့လိုမျိုး တစ်ခါမှမခံစားရဖူးပေ။ မိန်းမတစ်ယောက်လို နူးညံ့မနေသည့် ထိုယောကျ်ားတစ်ယောက်ကိုမှ ပွေ့ဖက်ချင်နေမိတာ။ တွေးသာတွေးရသော်ငြား မျက်မှန်လေးထောင့်ကိုင်းနောက်က မျက်ဝန်းစူးရှရှတို့ကို မြင်ယောင်မိတော့ ကြောက်စိတ်ကပိုသည်။ ဖွင့်ဟဝန်ခံဖို့ဆိုတာ အိမ်မက်ထဲမှာပဲ ကြိုးစားရဲသည့် အခြေအနေ။
သူ့ကို စသိတာ ကျွန်တော့် အသက် ၁၅ နှစ်မှာ။ မျက်နှာချင်းဆိုင် အိမ်ကို ပြောင်းလာသည့် အကိုကြီးတစ်ယောက်အနေနဲ့ပေါ့။ ပြောရရင်တော့ ကျွန်တော် မြင်မြင်ချင်း ကြိုက်သွားတာပင်။ ညဘက်တိုင်း အမေကြည့်ကြည့်နေကျ ဒရမ်မာတွေထဲကအတိုင်း တစ်လောကလုံးမှာ သူပဲရှိတော့သလိုမျိုး ခံစားလိုက်ရပြီးသည့် နောက်မှာတော့ ကျွန်တော့်နှလုံးသားလေး ပြင်းပြင်းထန်ထန် ခုန်ပေါက်လာတာ။
