လက်ထဲက ဆေးလိပ်အား ဆတ်ကနဲတောက်ချလိုက်ရင်း ကျွန်တော့်အကြည့်ကို ဖုန်းစခရင်ထံပို့လိုက်သည်။ ရှေ့တွင်တော့ ကျွန်တော့်အပေါင်းအသင်းတွေထံမှနေ တစ်ကိုယ်လုံးဖုန်သလူးအောင် ကန်ကျောက်ခံနေရသော ကျောင်းသားတစ်ယောက်ရှိပြီး ကြောက်လန့်နေပုံပေါ်သည်မှာ တဆတ်ဆတ်တုန်ရီလျက်။
ဖုန်းဝင်လာသော စခရင်ကြောင့် ဆေးလိပ်ကိုင်ထားသော လက်အားထောင်ပြလိုက်ရင်း ကန်ကျောက်နေသည်တို့ကို ရပ်တန့်ခိုင်းလိုက်သည်။ ထို့နောက်ဖြေဆိုသည့် ခလုတ်ကိုဆွဲဖိပြီး နားနားကပ်လိုက်သည်နှင့် ထွက်လာသောအသံသေးသေးလေး။
"ချန်းယောလ်လား"
တစ်ဖက်ကအသံကို စိတ်တိုင်းမကျစွာပင် ကျွန်တော့်မျက်ခုံးတန်းတို့က ဆတ်ကနဲတွန့်ချိုးကာ ဆေးလိပ်မီးကိုလည်း ကျောင်းနံရံကိုဖိသတ်လိုက်သည်။
"ဘယ်လိုခေါ်ဖို့ ကိုယ်မှာထားလဲ"
တစ်ဖက်ကတိတ်ဆိတ်သွားသော အသံပိုင်ရှင်လေးကတော့ နေရခက်မှုများစွာဖြင့်။ သို့တိုင် ကျွန်တော့်အမိန့်မှန်သမျှလည်း သူမငြင်းဆန်ရဲတာ သိတာပေါ့။ မှန်းချက်နှင့် ကွက်တိကျစွာပင် စိတ်ရှည်စွာစောင့်ဆိုင်းပေးနေလိုက်တော့ တုန်ရီထစ်အစွာဖြင့် ထွက်လာသောအသံလေး။
"ယ - ယ - ယောလ်"
ကျွန်တော့်နှုတ်ခမ်းတို့က စိတ်ကျေနပ်စွာ တွန့်ချိုးသွားသည်။
"ဟို ..... မလာသေးဘူးလား"
မလာသေးဘူးလား ဆိုသည့်အမေးအရ ကျွန်တော့်ယုန်ပေါက်လေးက ရှေ့ကျောင်းဂိတ်ပေါက်ရောက်နေပြီဆိုသည့် အဓိပ္ပာယ်။ ကျွန်တော်ကိုယ်တိုင် အတန်းပြီးသည်နှင့် သွားစရာနေရာရှိသည်ဆိုပြီး စောင့်ခိုင်းထားလို့ လိမ်လိမ်မာမာနှင့်စောင့်နေပုံပါပဲ။
ယုန်ပေါက်လေးနှင့် တွဲနေသည်မှာ ၃ရက်မြောက်ဖြစ်ပြီး ရက်တွေတဖြည်းဖြည်းကုန်ဆုံးလာလေ ဒီယုန်လေးရဲ့ ကိုယ်ပိုင်စက်ဝန်းအတွင်း ကျွန်တော်ဝင်ခွင့်ရပြီး ပိုမိုရင်းနှီးလာလေပင်။ ယခုဆို ယုန်အရိုင်းလေးက ကျွန်တော့်အထိအတွေ့တွေကိုလည်း သိပ်မဆန့်ကျင်တော့သလို စကားပြောရာမှာလည်း ကျွန်တော်နှင့်ဆို ထစ်အမနေဘဲ ပြေပြစ်လာပြီ။ မကြာသေးမီကလို နာမ်စားတွေကိုအတင်းအမိန့်ပေး ခေါ်ခိုင်းသည့် အချိန်ကလွဲလို့ပေါ့။