White Lotus 1 ( U )

735 82 1
                                    

ဘေစင်ရှေ့ရပ်လို့ လက်ဆေးနေရင်း မျက်နှာချင်းဆိုင်က မှန်ထဲမြင်နေရတဲ့ ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်မိသည်။ အနည်းငယ် ပေါက်ပြဲနေတဲ့ နှုတ်ခမ်းက မသိသာပေမယ့် အမြဲလိုလိုအရိပ်အခြေ ကြည့်နေတတ်တဲ့ အိမ်တော်ထိန်းအဖွားသိရင် အဖေ့ကို တိုင်ဦးမှာ။ နီရဲနေတဲ့ လက်ဆစ်တွေကတော့ ဖုံးကွယ်လို့ရသေးပေမယ့် နှုတ်ခမ်းက ဒဏ်ရာတစ်ခုတည်းနဲ့တင် ရန်ဖြစ်လာခဲ့မှန်း ကျောင်းတစ်လျှောက် ကျွန်တော့် ရာဇဝင်တွေအရ အဖေက တန်းသိလောက်သည်။

ကျွန်တော် ထိုးလိုက်နိုင်တဲ့ အချက်ရေကပိုများပေမယ့် တစ်ဖက်ခွေးတစ်ကောင်က အလစ်မှာ နှုတ်ခမ်းတည့်တည့် ဝင်ထိုးသည်လေ။ ကျစ်ကနဲ စုတ်သပ်မိလိုက်တော့ နဂိုအနာရှိတဲ့ ဒဏ်ရာက ဆစ်ကနဲဖြစ်သွားသလို အိမ်သာ အဝင်ဝနားက ပုံရိပ်သေးသေးလေးကလည်း တုန်တက်သွားတာ သိသိသာသာ။

အဲ့တော့မှ သတိထားမိတာမို့ မှန်ကနေ တစ်ဆင့်ကြည့်လိုက်တော့ ကျွန်တော်တို့အတန်းထဲက စာကြမ်းပိုးလေး။ နာမည်ကိုတော့ ကျွန်တော်မသိ၊ စိတ်လည်းမဝင်စား။ ပုလင်းဖင်လောက်နီးနီးထူတဲ့ မျက်မှန်လေးထောင့်ကိုင်းကို ပင့်တင်ရင်း အိမ်သာ အဝင်ဝနားမှာ ကြောင်ရပ်နေတဲ့ပုံက ကျွန်တော့်ကိုကြောက်နေသလိုမျိုး။ ခုနလေးတင်မှ ရန်ပွဲပြီးလာသည့်အလျောက် ကျွန်တော့် စိတ်ကလည်းကြည်လင်မနေ။

"မဝင်ဘဲ အဲ့ဒါဘာလုပ်နေတာလဲ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာလား"

အေးစက်စက်အသံနဲ့ ဟောက်လိုက်တော့မှ နောက်တစ်ချက်တုန်တက်ရင်း ကတိုက်ကရိုက် အထဲကိုဝင်မယ့်ဟန်ပြင်သည်။ သို့ပေမယ့် ခြေလှမ်းတစ်ဝက်မှာပဲ တုန့်ကနဲရပ်ပြီး နောက်လှည့်ပြန်မယ့်ဟန် ခြေလှမ်းပြင်ပြန်သည်။ သို့ပေမယ့် မကြာလိုက်၊ ထပ်မံရပ်သွားပြီး ဆံပင်တွေဝဲသည်အထိ ခေါင်းကုတ်ရင်း အိမ်သာဘက်ခြေလှမ်းဦးတည်လာပြန်သည်။ သူ့ကြည့်ရတာ ကျွန်တော်ရှိနေလို့ ဝင်ရနိုးထွက်ရနိုး လွန်ဆွဲနေသည့်ဟန်။ ဆိုပေမယ့် ဘာကိုအားကိုးပြီးအထဲဝင်လာဖို့ ဆုံးဖြတ်ချက်ချလိုက်လဲတော့ မသိ။ ကျွန်တော့်ကိုလည်း တစ်ချက်လေးမှမကြည့်။ ခေါင်းကိုသာ တွင်တွင်ငုံ့ထားပုံအရ ကျွန်တော့်သတင်းဆိုးတွေကိုတော့ သူကြောက်ပုံရသည်။

Yellow Aitaحيث تعيش القصص. اكتشف الآن