I love you to the lemniscate ( U )

1.3K 139 4
                                    

အရိပ်ရနေသော သစ်ပင်ကြီးအောက် ဝင်ရပ်ရင်း မူကြိုကျောင်းက အလျှိုလျှိုထွက်လာကြသော ကလေးများကို မျှော်ကြည့်နေရသည်။ ကျောင်းတူညီဝတ်စုံဖြင့် ကလေးလေးများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်နှင့်သမျှ ပတ်ဝန်းကျင်တွင်လည်း စကားပြောသံများနှင့် ဆူညံသထက် ဆူညံလာသည်။ တူညီဝတ်စုံလေးများကြားမှ ထွက်လာသော ကြက်တောင်နှစ်ဖက်ဖြင့် ကလေးမလေးတစ်ယောက်ကို တွေ့သည်နှင့် ပြုံးကာ လက်ပြလိုက်တုန်းရှိသေး -

"ဖေ့မင်းသမီးလေးရေ !!"

အနောက်ပါးမှ ပြဲကနဲထွက်လာသော အသံကြောင့် လုပ်လက်စမှန်သမျှ တုန့်ကနဲရပ်သွားမိ၏။ မည်သူလဲ ခန့်မှန်းမိသည်နှင့် တစ်ပြိုင်နက် အလိုမကျစွာ မျက်မှောင်တို့ကြုတ်ရင်း ကျစ်စုပ်သတ်မိလိုက်သည်။ မကြာလိုက်၊ နဂိုကျွန်တော့်ထံတွင် ရှိနေသော သမီးအကြည့်က အနောက်က လူထံကျရောက်ကာ ချက်ချင်းလိုလို ပျော်ရွှင်စွာ အော်ဟစ်ရင်းပြေးသွားတော့၏။

"ဖေဖေ !!"

အနောက်ကိုလှည့်ကြည့်လိုက်တော့ ဆောင့်ကြောင့်ထိုင်နေသော ထိုလူကိုတွေ့လိုက်ရပြီး မကြာလိုက် သမီးသည် သူ့ရင်ခွင်ထဲ လုံးနေအောင် ပစ်ဝင်တော့သည်။

"အိုက်ဂူးးးး ဖေ့မင်းသမီးလေးပိန်သွားလိုက်တာ ဟမ် ဖေ့ကိုလွမ်းနေလို့လား"

ကြက်တောင်စည်းလေးနှစ်ဖက် လှုပ်ယမ်းသည်အထိ ခေါင်းညိတ်ပြသော သမီး၏ပါးတစ်ဖက်ကို ရွှတ်ကနဲမြည်အောင် သူနမ်းသည်။

"ဖေဖေက လာမယ်ဆိုတာကြိုမပြောဘဲနဲ့ !!"

သမီး၏ စကားကို သဘောကျသည့်အလား ထိုလူ၏ ရယ်သံနက်နက်ကြီးက ပတ်ဝန်းကျင်၌ပျံ့နှံ့သွား၏။

"အခုတော့ မအံ့ဩသွားဘူးလားပြော"

"ဒါမယ့် ... ဂူဂူး အလှမပြင်ထားရဘူးလေ !"

ဒီတစ်ခါရယ်သံက မကြာသေးခင်ကထက် ပိုနက်သည်။ ကျွန်တော်ဝင်မနှောင့်ယှက်မိသကဲ့သို့ ထိုနေရာတွင်သာ မလှုပ်မယှက် ရပ်ကြည့်နေမိသည်။ သူတို့သားအဖ မတွေ့ရတာ တစ်ပတ်လောက်ရှိနေပြီပဲ၊ အလွမ်းသယ်ပါစေဦးပေါ့။

Yellow AitaTahanan ng mga kuwento. Tumuklas ngayon