"ဗြောင်ဘခ်ဟျွန်းရော"
ကျွန်တော့်အမေးစကားကြောင့် တစ်ဖက်အတန်းသားလေးက အူကြောင်ကြောင်ဖြင့် ခေါင်းခါပြသည်။
စိတ်အလိုမကျစွာ ကျစ်စုပ်သက်မိတော့ တုန်တက်ကာ ခပ်ကုပ်ကုပ်ထွက်ပြေးသွား၏။
နေ့လယ်ခင်းတည်းက ရှာနေတာ ကြာပြီ၊ ခုထိ အရိပ်အယောင် မမြင်ရသေး။ ခုံတွေကိုလှဲချပစ်သည့် ပြစ်မှုကြောင့် ရုံးခန်းအခေါ်ခံရကာ တစ်နာရီလောက် ဆုံးမဩဝါဒတွအခြွေခံလိုက်ရပြီး ပြန်ထွက်လာတော့ ယုန်ပေါက်ကိုမတွေ့မိတော့။ အတန်းချိန်သည် ကျွန်တော်တို့ အားကစားချိန်ဖြစ်ပြီး လူတိုင်းကလည်း အတန်းထဲစုံမနေပါချေ။
"ဟေး ပတ်ချန်းယောလ်"
အသံကြောင့်လှည့်ကြည့်မိတော့ ဘက်စကတ်ဘောက ကျွန်တော့်အသင်းသားတစ်ချို့။ ဘောလုံးကိုကိုင်မြှောက်ပြကာ ကွင်းပြင်ဘက် လက်ညှိုးထိုးပြသည်။
"ဆောရီး မင်းတို့သွားနှင့်"
တစ်ဖက်က ညီးညီးညူညူ သံရှည်ဆွဲသည့်ပြစ်တင်သံတွေ မလာခင်ပင် အလျင်ရှောင်ထွက်လာလိုက်သည်။ ကျွန်တော် ယုန်ပေါက်ကို ရှာရဦးမည်။ အကြောင်းပြချက်တော့ ကျွန်တော်ကိုယ်တိုင်လည်း ရေရေရာရာမသိ။
နားရွက်ကိုကိုက်သွား၍။
မှန်သည်၊ မနေ့က ကျွန်တော့်နားရွက်ကို ကိုက်သွားသည့်အမှုကြောင့် တောင်းပန်ခိုင်းဖို့အတွက် ကျွန်တော်လိုက်ရှာနေတာ။တစ်ကျောင်းလုံးအနှံ့ ရှာနေသည့်တိုင် သူ့အရိပ်အယောင် သေးသေးလေးကိုပင် မမြင်ရ။ စိုးရိမ်စိတ်က တစ်ကိုယ်လုံးအနှံ့ဖြန့်ကျက်လာကာ မဆီမဆိုင် ဒေါသတို့ကလည်း ပြူထွက်လာရ၏။ ကျွန်တော့်ခွင့်ပြုချက်မရှိပါဘဲ ကျွန်တော့်မြင်ကွင်းအောက်ကနေ ပျောက်ရဲသည်။
စိတ်အလျင်လိုမှုနှင့်အတူ မြန်ဆန်လာသော ခြေလှမ်းတို့က တစ်နေရာတွင် ရုတ်ချည်းတုံ့ကနဲ။ တစ်ချက်တစ်ချက် ကြားနေရသော ရှိုက်သံတို့က စတိုခန်းထဲက ?
ကျောင်းစတိုခန်းကို မည်သူကမှ ဝင်ချင်မည်မဟုတ်ပါချေ။ ဖုန်တက်နေသော ခုံတွေနှင့် အသုံးမလိုသော ပစ္စည်းပစ္စယများဖြင့် ပြည့်ကျပ်နေသော အခန်းထဲ မည်သူကဝင်ချင်မည်တဲ့လဲ။ သို့ပေမယ့် ထွက်နေသည့် ရှိုက်သံတို့က ထိုအခန်းထဲက။