Eccedentesiast
someone who hides pain behind a smile
တောက်လျောက် အမောတကောနှင့် နင်းလာသည့် စက်ဘီးလေးအား သူ့ခြံရှေ့ရောက်ပြီဆိုသည်နှင့် ကျွီကနဲမြည်အောင်ရပ်ပြီး ပြေးဆင်းသွားလိုက်သည်။ သူကတော့ ထဦးမှာမဟုတ်သေးသည့်တိုင် အမြဲလိုလို စောစောလာနှိုးတတ်သည့် ကျွန်တော့်အကျင့်ကပြင်မရ။
"အိုက်ဂူး ဘခ်ဟျွန်းနီးလေး ဒီနေ့ပုံမှန်ထက် စောလို့ပါလား"
အိမ်ထဲရောက်သည်နှင့် မီးဖိုချောင်ထဲကနေ လှမ်းပြောသော ချန်ယောလ်အမေအသံကို ကြားလိုက်ရသည်။ ရင်းနှီးနေသည့် မီးဖိုချောင်ထံသို့ ခြေလှမ်းကိုဦးတည်ရင်း ဆိုလိုက်သည်။
"ဟုတ်တယ် အန်တီ အဲ့ကောင်က မနေ့ညက စောစောလာနှိုးဆိုလို့လေ"
ရယ်မောရင်းဆိုသည့်စကားကို ချန်းယောလ်အမေက မျက်စောင်းဖြင့်သာ တုံ့ပြန်သည်။
"မင်းလည်း သူခိုင်းတာချည်းလုပ်မနေနဲ့ သွား သွား အိပ်ရာပေါ်က ကန်ချခဲ့လိုက် ဒင်းက ခုထိ ထဦးမှာမဟုတ်သေးဘူး"
ရယ်မောရင်းဖြင့်သာ ပေါ့ပါးနေသည့် ခြေလှမ်းများဖြင့် အပေါ်ထပ်သို့ ဦးတည်လိုက်သည်။ အခန်းတစ်ခုရှေ့ရောက်သည်နှင့် တုန်လှုပ်နေသော ရင်ဘတ်ကို တစ်ချက်ဖိကာ အသက်ဝဝရှူသည်။ ထို့နောက် စက်ဘီးအလျင်နင်းလာရသည်မို့ ရှုပ်ပွချင်နေသော ဆံပင်များကို သေချာပြင်ဆင်သည်။ ထို့နောက် ပြန်မဖြေမှန်းသိသိရက် ထုံးစံအတိုင်း တံခါးခေါက်လိုက်သည်။
"ချန်းယောလ်လီ ... ငါဝင်လာပြီနော်"
အဖြေကိုမစောင့်တော့။ လော့မချထားသည့် တံခါးအား တွန်းဖွင့်ဝင်လာလိုက်တော့ စောင်ပုံတွေထဲ မှောက်ရပ်ကြီးအိပ်ပျော်နေသော ကျွန်တော့်နှလုံးသားလေးကို တွေ့လိုက်ရသည်။
"အာ ဒီကောင်"
ဇက်တွေနာနေတော့မှာပဲ။
အတွေးနှင့်အတူ အနားကိုတွေ့ကနဲရောက်ကာ လက်ပြင်ကျောကို ဖက်ကနဲရိုက်လိုက်သည်။ ကျောပြင်ကတွန့်ကနဲ။ ထတော့မလာ။
"ထတော့ ! ချန်းယောလ်"
"အမ်းးး"
အသံခပ်နက်နက်ကြီးသာ ပေးသွားပြီး တုပ်တုပ်မလှုပ်သည်မို့ ထိုင်နေရာကထကာ ပြတင်းပေါက်လိုက်ကာကို အားနှင့် ဆွဲဖွင့်လိုက်သည်။