(Unicode)
"ဒယ်ဒီ"
အသံသေးသေးလေး တစ်ခု...
"ဒယ်ဒီ"
မျှော်လင့်ချက်သေးသေးလေးနဲ့ခေါ်သံ ကို မကြားသည့် ကောင်လေးတစ်ယောက်ကတော့ ဖုန်းထဲကဂိမ်းဆီမှာသာ အပြည့်အဝ အာရုံရောက်လျက်...
"ဒယ်ဒီ"
"ဟမ်"
ငုံ့ချထားတဲ့ မျက်နှာအောက်ဆီ အတင်းသွားတိုးတော့ လန့်ပြီးယောင်ယမ်းခြင်းက တုန့်ပြန်မှုတစ်ခုလိုဖြစ်သွားခဲ့သည်။
"ဘောလုံး...ဟိုမှာ"
"ဟင်..ဘာ"
ကယောင်ကတမ်းလိုက်ကြည့်မိတဲ့ လက်ညှိုးသေးသေးလေးညွှန်ပြနေရာက လမ်းဘေး မြောင်းလေးထဲက ရောင်စုံဘောလုံးအကြားလေး တစ်လုံး..
"ကောက်ပေးရမှာလား"
ချက်ချင်းခေါင်းညိတ်ပြတဲ့နေတဲ့ နှစ် နှစ်ကျော်လောက်လားပဲရှိအုံးမယ့် ကလေးလေးရဲ့ မဝိုင်းမသွယ် မျက်လုံးလေးတွေက ပြုံးလို့...
"အေးပါကွာ"
ဂိမ်းရှုံးသွားပုံရတဲ့ကောင်လေးက ဖုန်းကိုပိတ်ပစ်ရင်း သက်ပြင်းတစ်ခုကိုချကာ ပြုံးစစနဲ့ လမ်းဘေးအုတ်ခုံပေါ်ထိုင်နေရာကနေထရပ်လာသည်။
သိပ်မနက်တဲ့အပြင် ရေလဲမရှိတဲ့ မြောင်းမို့ အလွယ်တကူပဲ ကောက်ယူလိုက်တဲ့လက်ထဲ ကဘောလုံး လေးကို ဝမ်းပမ်းတသာနဲ့ လက်လှမ်းလာတဲ့ ကလေးဆီ ပြန်ပေးရင်း ကောင်လေးရဲ့ အတွေးက တစ်စုံတစ်ခုဆီရောက်မိ၏။
"ဧည့်သည်လား..ငါတို့ ရပ်ကွက်ထဲမှာ မင်းကိုတစ်ခါမှ မမြင်ဖူးပါဘူး"
". ......"
"အိမ်ပြန်တော့လေ..မင်းဘယ်အိမ်က ထွက်လာတာလဲ"
". ....."
"ခက်တာပဲ"
ပြောတဲ့စကားတွေကို အပြည့်အစုံနားလည်ပုံမရတဲ့ ကလေးက ဘောလုံးကိုပိုက်ရင်း ငြိမ်၍သာနေသည်။
"ဒီအရွယ်ကလေးကို တစ်ယောက်တည်းလွှတ်ထားရတယ်လို့"
ဖုန်းကို အိပ်ကပ်ထဲထိုးထည့်ပစ်ရင်း တစ်ယောက်ယောက်ကို ရှာပြီးမေးဖို့ ဆုံးဖြတ်လိုက်သည်။ တစ်ယောက်အိမ်ကိုအလည်လာတဲ့ ဧည့်သည်ရဲ့ကလေးပဲဖြစ်မှာ..