(Unicode)
တစ်ခုပဲကျန်တဲ့ ခုတင်အလွတ်ပေါ် အိတ်ကိုခဏတင်ရင်း ကော်ရစ်တာဖက်ပြန်ထွက်ခဲ့လိုက်သည်။
မျက်လုံးတွေခပ်မြန်မြန်အလုပ်လုပ်ပြီးသွားတဲ့နောက် ဖမ်းမိလိုက်တဲ့မြင်ကွင်းထဲ ဝန်းတံခါးနားမှာ ဒယ်ဒီ့ရဲ့ Jacket ကြက်သွေးရောင်လေးကထင်းခနဲ။
"ဒယ်ဒီ"
"အင်း နေရမယ့် အခန်းကိုရောက်ပြီလား"
ဖုန်းထဲကမေးသံနဲ့အတူ ဒယ်ဒီ့ အရိပ်လေး အနည်းငယ်လှုပ်သွားသည်...အထဲကို လှမ်းအကဲခတ်သည်ထင်ရဲ့။
"အင်း အခန်းက မဆိုးပါဘူး... ထောင့်ဖက်က ခုတင်ကို ယူလိုက်တယ်။ နံရံနားမှာနေချင်လို့"
"ဟိုညီလေးနဲ့ နှစ်ယောက်တည်းလား တခြားလူရှိသေးလား"
"ခါအီ အပြင်နောက်တစ်ယောက်ရှိတယ်။ ကျွန်တော်နဲ့ဆိုရင် သုံးယောက်"
တစ်ဖက်နံရံ က ခုတင်မှာ အနည်းငယ် အလုပ်ရှုပ်နေပုံရတဲ့ မျက်အိမ်ကျယ်ကျယ် ဝိုင်းဝိုင်း တွေက သူ့ဆီဝေ့လာတော့... ယဥ်ယဥ်ကျေးကျေးပြုံးပြ ဖြစ်လိုက်သည်။ မရင်းနှီးလှသေးတဲ့ အခန်းဖော်အသစ်ကလဲ အလိုက်အထိုက်ပြန်ပြုံးပြီးနောက်.. လုပ်လက်စထဲ အာရုံပြန်ရောက်သွားပုံရပြီး အထုပ်တွေ ဟိုရွှေ့ဒီရွှေ့။
"အဆင်ပြေအောင် နေနော်"
"အင်းပါ...ဒယ်ဒီကလဲ..ကျွန်တော် ကလေးမှမဟုတ်...."
"ဟေ့ကောင် လာကွ!!! ဒီနေရာနည်းနည်းရှင်းရမယ် ဖုန်တွေနဲ့"
သူ့စကားမဆုံးသေးခင် ဖြတ်အော်ပစ်လိုက်တဲ့ ခါအီ့ အသံကစူးခနဲ..
"သွားလေ ဆယ်ဟွန်းနီး...အေးအေးဆေးဆေး ကျမှ ဖုန်းပြန်ဆက်"
"ပြန်တော့မှာလား ဒယ်ဒီက"
"အင်းပေါ့...အဆောင်ထဲထိဝင်လာလို့မှ မရတာ"
"ကျွန်တော် လွမ်းနေတော့မှာပဲ"
ဒယ်ဒီ့ ရယ်သံလေး လွင့်လာပေမယ့်
တကယ်ကြီးကို မှိုင်းကျသွားတဲ့ စိတ်တွေက လေးလေးလံလံ။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ထပ်ပြီး ဇီဇာမကြောင်ရဲ တော့ပေမယ့် အဆောင်နေဖို့ ဆုံးဖြတ်ခဲ့တာကို နောင်တ ရစပြုနေပြီ။