(Unicode)
"ပေါက်စ"
"ဟင်"
"စာမကျက်ဘူးလား... မနက်ဖြန်စာမေးပွဲ စပြီဆို"
"အင်း ကျက်မှာပေါ့"
ဖြေသာဖြေနေပေမယ့် လက်ထဲက ပန်းသီးလေးကို အခွံနွှာနေတဲ့ဆီမှာပဲ အာရုံစိုက်ရင်း ဒယ်ဒီ့ကိုလှည့်မကြည့်ဖြစ်။
"ရော့ ဒယ်ဒီ"
အစိတ်သေးသေးတစ်စိတ် ဒယ်ဒီ့ ပါးစပ်ထဲထည့်ပေးရင်း ကိုယ်တိုင်လဲ စားကြည့်လိုက်သေးသည်။ အင်း... ချိုသားပဲ။
နောက်ထပ် တစ်စိတ် ထပ်ပေးတော့ အရင်တစ်ခါလို ဒယ်ဒီက ပါးစပ်ဟမပေးပဲ လက်နဲ့သာလှမ်းယူသည်။
"ဒီလိုပဲ အမြဲတမ်းအနားမှာနေရင် စာဘယ်လို ကျက်မှာလဲ ပေါက်စရဲ့... အဆောင်ကိုပြန်လိုက်နော်"
သူအချိန်တော်တော်များများ ဒယ်ဒီ့အနားမှာပဲရောက်နေတတ်တာ ဒယ်ဒီဆေးရုံစတက်ရတဲ့နေ့ကတည်းက။ဒီနှစ်အတွက် ကျောင်းခေါ်ကြိမ် ပြည့်နေပြီးသားမို့ မတက်လဲဖြစ်တဲ့ အတန်းချိန်တွေကို ပစ်ထားခဲ့တာ။
"ဒီမှာပဲ စာလုပ်ရင်လဲ ရတာပဲ ဒယ်ဒီကလဲ"
"ဒီအခန်းကြီးက ဘယ်လိုလုပ်ပြီး သက်တောင့်သက်သာရှိမှာလဲ"
သူအထွန့်တက်ကြည့်ပေမယ့် ဒယ်ဒီကလဲ လက်ခံပုံမပေါ်။ ဒဏ်ရာက သက်သာနေတာ သိပေမယ့် ဒီအနားမှာပဲ သူကနေချင်တာ ဘယ်လိုလုပ်ရမလဲ။ အဲ့ဒီနေ့... သတိရခါစ ဒယ်ဒီ့ပုံစံ ဖျော့ဖျော့လေးကို မြင်ပြီးနောက်ပိုင်းကတည်းက အပြည့်အဝ သက်သာတဲ့အထိ အစအဆုံးဂရုစိုက်ပေးချင်နေခဲ့တာ။ ကိုယ့်ကြောင့် ဆိုပြီး အပြစ်ရှိတဲ့ စိတ်ထက် သူဒီထက်ပိုပြီးရင့်ကျက်ဖို့ လိုပြီလို့ ခံစားခဲ့ရသည်မို့။
"ပြန်လိုက်နော်....သက်သာနေပြီပဲကို.. နောက်တစ်ရက်နေပြီးရင် ဆေးရုံက ဆင်းရတော့မှာ၊ စိတ်ပူမနေဘဲ အဆောင်ကိုပြန်လိုက်၊ စာမေးပွဲကို စိတ်အေးလက်အေး ဖြေပြီးသွားရင် အိမ်ကိုပြန်လာခဲ့ ဟုတ်ပြီလား"
"အင်းပါ"
ထပ်ပြီးငြင်းမနေတော့ဘဲ ခေါင်းညိတ်လက်ခံလိုက်ပြီး ခွာထားပြီးသား ပန်းသီးအခွံတွေကိုသိမ်းနေပေမယ့် သူလုပ်နေသမျှ ဒယ်ဒီလိုက်ကြည့်နေတာကို အလိုလိုခံစားတော့နောက်ကျောမလုံ။ လှည့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း ဒယ်ဒီသူ့ကိုထိုင်ကြည့်နေတာ။