(Unicode)
"ဘာလုပ်နေကြတာလဲ"
ကိုကြီးချန်းလက်မောင်းကို အတင်းဆွဲရင်း အလောတကြီးမေးလိုက်မိသည်။ ဘာလုပ်နေတယ်ဆိုတာကို မမြင်တာတော့မဟုတ်။ ခုတင်ပေါ်မှာ မျက်လုံးတွေမှိတ်ပြီးလှဲလျောင်းနေတဲ့ဒယ်ဒီ့ ကို အဝတ်ဖြူတစ်စနဲ့ ဖုံးပစ်ဖို့လုပ်နေကြတာ။ သူအတင်းဆွဲလိုက်လို့ မဟုတ်ရင် ကိုကြီးချန်းလက်ထဲက ပိတ်ဖြူစက ဒယ်ဒီ့မျက်နှာကိုတောင်အုပ်မိတော့မည့်အထိ။ ဒယ်ဒီ အိပ်နေတာကို မလုပ်ကောင်းလုပ်ကောင်း ဘာတွေလုပ်နေကြတာလဲ။
"မလုပ်ကောင်းတာတွေ ကိုကြီးချန်းကလဲ"
"ဆယ်ဟွန်းနီး!!!"
ကိုကြီးချန်းလက်ထဲက ပိတ်ဖြူစကိုသူအတင်းဝင်လုတော့ အစ်ကို ဘတ်ဟျွန်းက သူ့တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်ပစ်ရင်း ရှိုက်ကြီးတငင် ငိုသည်။
"ဘာဖြစ်တာလဲ အစ်ကိုဘတ်ဟျွန်း...၊ဘာဖြစ်လို့လဲ"
သူ့အပေါ်တစ်ကိုယ်လုံးမှီတွယ်ထားတဲ့ အစ်ကိုယ်ဘတ်ဟျွန်းကို ပြန်ထိန်းရင်း အူကြောင်ကြောင်နဲ့မေးနေမိသည်။ သူ့ခေါင်းတွေ ထူပူဝေဝါးပြီး အကြောင်းအရာ တစ်ခုနဲ့တစ်ခု ဆက်စပ် တွေးတောဖို့ အလျင်မမှီ။
"ဂျွန် လေ....ဂျွန်က"
အစ်ကို ဘတ်ဟျွန်း စကားတွေက ငိုသံကြောင့် ပိုပြီး လုံးထွေးကာရယ်။ ဘာဖြစ်နေကြတာလဲ ဒယ်ဒီက ဒီအတိုင်းမနိုးသေးတာပါ။
"ဒယ်ဒီ...ဒယ်ဒီ!!"
ဒယ်ဒီ့ကို သူအတင်းလှုပ်နှိုးနေမိသည်။ ဒယ်ဒီနိုးလာမှ ဒီကိစ္စတွေပြီးသွားမှာ။ ကိုကြီးချန်းတို့နှစ်ယောက်စလုံး ဘာတွေဖြစ်နေကြမှန်းကိုမသိ။ ဒီလောက်ဆူညံနေတာကိုတောင် နည်းနည်းလေးမှမလှုပ်တဲ့ ဒယ်ဒီကို သူနည်းနည်းတောင် ဒေါသထွက်လာမိသည်။
"ဒယ်ဒီ...ထပါတော့လို့"
ရင်ဘတ်အထိခြုံထားတဲ့ စောင်ကို အတင်းဆွဲလှန်ပစ်ရင်း ဒယ်ဒီလက်တွေကိုပါ ဆွဲဆုပ်ခါရမ်းပစ်လိုက်မိသည်။
"ဟင်"
ဒယ်ဒီ့လက်တွေက အေးလိုက်တာ။ စောင်ထဲမှာထွေး ထားတာတောင် အေးနေသေးသည့် လက်ဖျားတစ်ဖက်ကို သူ့လက်နှစ်ဖက်ကြားမှာ ဆွဲယူရင်း ဆုပ်ထားမိသည်။