Prologue

5.5K 170 6
                                    

(unicode)
မျက်ခွံတွေ လေးလံနေသည်။ ဦးခေါင်းတစ်ခုလုံးဟာ ထုံကျဉ်ကိုက်ခဲလို့။ ခြောက်သွေ့စေးကပ်နေသည့် အာခေါင်ကြောင့် ရေဓာတ်ကင်းမဲ့နေတာ အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်သွားပြီဟု သူမှန်းဆလိုက်​၏။ သစ်သားတုတ်ဟု ယူဆရသော ခပ်မာမာ အရာတစ်ခုနှင့် အရိုက်ခံလိုက်ရခြင်း အကျိုးဆက်က ဒါပဲထင်ပါရဲ့လေ။

လေးလံသည့် မျက်ခွံတွေကို အင်အားသုံးပြီး အပေါ်ပင့်ဖို့ ကြိုးစားသည်။ မျက်လုံးနှစ်လုံး ပွင့်လာသည့်တိုင် သူ့ပတ်ဝန်းကျင်တွင်က အမှောင် ရေးချ အမှောင်။ နာကျင်နေသည့်ကြားမှ ခပ်ထေ့ထ့ ပြုံးလိုက်​၏။

ဒယ်ဒီဟာ လူကို ရိုက်နှက်မယ့်အရေး blindfold နှင့် တန်ဆာဆင်နေရသေးသည်တဲ့။ ဟက်။ အမှောင်ကြောက်သည့်သူ့ကို အမှောင်ထုနှင့် ဖြဲခြောက်​သည့် ဒယ်ဒီဟာ အကြံပိုင်လွန်းသည်။

လက်ရော ခြေထောက်ပါ ကြိုးမာမာတွေနှင့် အချည်ခံထားရတာမို့ လှုပ်လို့ရှားလို့မရ။ သူ့ကိုယ်လုံးဟာ အေးစက်နေသည့် သမံတလင်းကြမ်းပြင်ပေါ်တွင် ခွေခွေကလေး လဲလို့နေသည်။ ဒယ်ဒီ့တပည့်တွေဟာ ဒယ်ဒီ့အတိုင်းပါပဲလား။ လူကို အမှိုက်တစ်စလို ပစ်ချင်တဲ့နေရာမှာ ပစ်ထားတော့တာပဲ။ အနည်းဆုံးတော့ ထိုင်ခုံပေါ်မှာ ပူးချည်ထားဖို့ ကောင်းပါရဲ့။

ဟက်ချိုး။

​ဖုန်မှုန့်တချိို့က နှာခေါင်းထဲတိုးဝင်တော့ နှာတွေချေကုန်ရသည်။ တစ်ဆက်တည်းမှာပဲ အေးစက်နေသည့် ပတ်ဝန်းကျင်ကြောင့် လူက ချမ်းချင်သလိုလို ဖျားချင်သလိုလို ခံစားရပြီး ကိုယ်တွေလက်တွေ ကိုက်ခဲလာသည်။ သူဟာ ဒီလောက်တောင် ပျော့ညံ့တာပဲလား။ မဟုတ်၊ ဒီ့ထက်ပိုပြီးတောင် ပျော့ညံ့ချင် ပျော့ညံ့ဦးမှာပါ။

အဲဒီကိစ္စနှင့်ပတ်သက်ပြီး ဒယ်ဒီနှင့် ခဏခဏ စကားများရသည်။ စကားများသည်ဆိုတာ ဒယ်ဒီ့ဘက်ကချည်း ဆူပူမာန်မဲနေတာပါ။ သူက ခေါင်းလေးငုံ့လို့ ဆဲသမျှ ခံရတာပါပဲ။ ပြန်ပြောမိလျှင် အရိုက်ခံရမည်မို့ မျက်လွှာချလို့ ပါးစပ်ပိတ်နေတာကပဲ အကောင်းဆုံးဖြစ်သည်။

အချိန်တွေ ဘယ်လောက်အထိ လွန်ကုန်ပြီလဲ သူ မသိ။ ဘယ်ရက်တွေရောက်လို့ အပြင်မှာ ဘာတွေဖြစ်နေပြီလဲ သူ မသိ။ ဘာဆိုဘာမှမသိ။ သူသိတာ တစ်ခုပဲရှိသည်။ ယခု သူသည် မြေအောက်ထပ်က အကျဉ်းခန်းထဲ ရောက်နေသည်ဆိုသော အချက်ပင်။ ဒီနေရာသည် သူနှင့် သိပ်စိမ်းသည့်နေရာမဟုတ်လို့ အမှောင်ထဲမှာ တစ်ယောက်တည်းဖြစ်နေပေမယ့် ကြောက်စိတ်တော့ မဝင်မိပါ။

The World of DisciplineWhere stories live. Discover now