(unicode)
Kyle သူ့အခန်းထဲ ပြန်ရောက်လာတော့ စိတ်ရောကိုယ်ပါ ချုံးချုံးကျချင်နေပြီ။ ရန်သူတော်ကြီး၏ ရွံရှာစရာ သွေးညှီနံ့တို့ ကပ်စွဲနေသည့် အဝတ်အစားများကို ခပ်မြန်မြန်ပင် ဆွဲကာချွတ်လို့ ရေချိုးခန်းထဲ တန်းဝင်လိုက်၏။ယခုဖြစ်ပေါ်နေသည့် စိတ်အခြေအနေအရ Kyle တစ်ယောက် bathtub ထဲတွင် ဇိမ်ခံလို့ စိမ်ပြနပြေ ချိုးမနေချင်တော့။ နံရံပေါ်က ရေပန်းကို ဆတ်ခနဲဖွင့်ကာ ဆံပင်တို့ကို ဖွပစ်လိုက်သည်။ ခပ်ကြမ်းကြမ်းမှ တကယ့်ကို ခပ်ကြမ်းကြမ်းပေမို့ ဆံသားတို့သည် တစ်ခဏအတွင်း စိုရွှဲကုန်ကာ နွေးမနေသည့် ရေအေးတို့က မေးရိုးတစ်လျှောက် လှိမ့်ကာဆင်း၏။
တောက်!
ဘာကို ဒေါသထွက်လို့ ထွက်မှန်းမသိ။ တောက်ခေါက်သံ ခပ်ပြင်းပြင်းက မှန်သားနံရံထက် ပဲ့တင်ထပ်လို့၊ တဖွဲဖွဲဆင်းနေရှာသည့် ရေစက်ကလေးတွေပါ တုန်တက်ကုန်ရသည်။ စိတ်မရှည်စွာပင်၊ Kyle ၏လက်ဖဝါးက နံရံပေါ် ဖောင်းခနဲရိုက်လေတော့ အပြစ်မဲ့သော ရေပေါက်ငယ်တွေ ငါးပါးမှောက်ကုန်ရ၏။
ဘာလို့များလဲ။ ပါပါးကို coma ဝင်အောင် ချောက်တွန်းခဲ့တဲ့ ဟိုအဖိုးကြီး David ကို လက်စတုံးနိုင်လိုက်လို့ Kyle သည် ဝိုင်တစ်ခွက်နှင့် အောင်ပွဲခံနေရမှာ မဟုတ်ဘူးလား။
ဟုတ်ပါသည်။ တကယ်က အဲဒီလိုဖြစ်နေသင့်တာပါ။ သို့ပေမယ့် ယခုကတော့ ထင်ထားသလို မဟုတ်။
တရားခံက ဘယ်သူလဲ။
Kyle ၏အကြည့်စူးစူးတစ်ချက်အောက်မှာ ရေစက်ငယ်တွေ ကြောက်လန့်တကြား ဝေးဝေးပြေးကြ၏။ ပါးစပ်ကလည်း ရေရွတ်ပါသည်။ "ကျွန်တော်တို့ မဟုတ်ရပါဘူး" တဲ့လေ။
တရားခံဟာ ဟိုကောင်လေး။ စစ်ငယ်။ အရွယ်ဟာ ငယ်သလောက် Kyle ၏ ဒေါသမီးကို ဟုန်းဟုန်းတောက်စေ၏။
ထိုကောင်လေးအား နာရီဝက်အတွင်း အခန်းထဲ ပြန်ခေါ်ထားတာကြောင့် Kyle ကိုယ်လက်သန့်စင်ခြင်းကို လျင်မြန်စွာ အဆုံးသတ်လိုက်သည်။ သူတစ်ပါးအား စောင့်မနေစေချင်သလို သူကိုယ်တိုင်ကလည်း စောင့်ရခြင်းကို သိပ်မုန်း၏။
YOU ARE READING
The World of Discipline
ActionDiscipline: "the practice of training people to obey rules or a code of behaviour, using punishment to correct disobedience." ❗️This story is written in Myanmar❗️