Part 01

3.6K 160 0
                                    

(unicode)
ဒီနေ့ နေသာသည်။ ကျောင်းဆင်းချိန်ဖြစ်၍ အဖြူအစိမ်းနှင့် ကျောင်းသားလေးတွေ လမ်းမထက်မှာ ပြန့်ကျဲသည်။ အတန်းကြီးတွေ မလွှတ်သေးသဖြင့် တွေ့ရသည့် ကျောင်းသားတွေဟာ ပေါက်စလေးတွေ။ ခုန်သူက ခုန်၊ ပေါက်သူက ပေါက်လို့ လက်ထဲမှာလည်း မုန့်ကြီးမုန့်ငယ်ကို ကိုင်ဆောင်ထားသေး​၏။

သို့ပေမယ့် အဖြူရောင်ကားတစ်စီးပေါ်က ၈နှစ်အရွယ် ကောင်လေးတစ်ယောက်​မှာတော့ ကားပြတင်းပေါ် မေးလေးထောက်လို့ ငူငူငိုင်ငိုင်။ သူ့မျက်လုံးတွေသည် လမ်းပေါ်မှာ ဆော့ကစားနေသော တခြားကလေးများတွင်မဟုတ်။ ကားဖြတ်သွားသည့် လူနေအိမ်တွေမှာလည်းမဟုတ်။ ဒီအတိုင်း ဘယ်ကိုကြည့်လို့ကြည့်နေမှန်းမသိသည့် တစ်နေရာရာတွင်ဖြစ်သည်။

ယောကျာ်းလေးဖြစ်ပေမယ့် မျောက်လွှဲကျော် မလုပ်တတ်သည့် သူကလေးက လူကြီးတွေအမြင်မှာတော့ သိပ်ပြီးအေးချမ်း​၏။ ၈နှစ် ၉နှစ် ဆိုတာ မျောက်ရှုံးအောင် ဆော့ကြသည့်အရွယ် မဟုတ်လား။

သူ့ကို ဘယ်သူထိန်းသလဲ မသိ။ ကိုယ့်ကိုယ်ကိုယ် သတိထားမိချိန်တွင် သူဟာ အနေအထိုင်တည်ငြိမ်သည့် ကလေးတစ်ယောက်ဖြစ်ခဲ့ပြီ။

သိပ္ပံသဘောတရားအရ လူတော်တော်များများ​ဟာ ၃နှစ်အရှေ့ပိုင်းတုန်းက အဖြစ်အပျက်တွေကို ဂဃနဏ မမှတ်မိကြပါတဲ့။ သူ ဟိုးငယ်ငယ်တုန်းကရော ဒီလိုမျိုး အေးတိအေးစက်ပဲလား။ ဦးကောင်းတို့ကိုမေးကြည့်တော့ မဟုတ်ဘူး လို့ဖြေကြသည်။

သူဟာ ဘယ်လိုပုံစံမျိုးလဲလို့ ထပ်မေးတော့ အတိတ်တို့ကို လွမ်းဆွတ်သည့် မျက်လုံးတွေဖြင့် ဦးကောင်းက ဆွေးမြည့်စွာဆို​၏။ သူသည် ပိစိလေးတုန်းက အင်မတန်မှ မွှေသတဲ့။ အိပ်ရာထဲတွင် ရှူးရှူးပေါက်ချတတ်သည့်အပြင် ဆော့လိုက်တာမှလည်း စိန်မျောက်မျောက်ကပင် ထိုင်ကန်တော့ရတဲ့အထိ တာတေကို လန်လို့။ မီးဖိုချောင်ထဲလည်း ပတ်ပြေးလိုပြေး။ ခုံဇောင်းနှင့် ဆောင့်မိပြီး နှုတ်ခမ်းတောင် ကွဲဖူးသေးသည်တဲ့လေ။

ထိုအခါ ဦးကောင်းအပြောကို မယုံဟန်ဖြင့် ကိုယ့်ကိုယ့်ကိုယ် မှန်ထဲပြန်ကြည့်တော့ တကယ်ပဲ ညာဘက်နှုတ်ခမ်းအောက်နားမှာ မာရွတ်သေးသေးလေးရှိနေသည်။ သူကတော့ ဘာမှမမှတ်မိတော့သည်မို့ ဦးကောင်းပြောသမျှ အမှန်တွေဟုပဲ ယုံရတော့မှာပေါ့။

The World of DisciplineWhere stories live. Discover now