Part 03

2.4K 165 0
                                    

(Unicode)
ဒီနေ့က တစ်ပတ်ပြည့်တဲ့နေ့။

ဒီကြားထဲတွင် Kyle ပြောသွားသည့် စကားတစ်ခွန်းကို စစ်ငယ် အကြိမ်ကြိမ်ပြန်လို့ စဉ်းစားနေမိသည်။

"တကယ်ချစ်ရင် မင်းကို ဖြစ်ချင်ရာဖြစ်ဆိုပြီး ဒီအတိုင်း လွှတ်မထားဘူး။ ရှင်းလား"

တကယ်တော့ စစ်ငယ် မရှင်းပါ။

သူဘာလုပ်လုပ် မျက်စိစုံမှိတ်ပြီး အလိုလိုက်တတ်သော ဦးကောင်းက သူ့ကိုတကယ်မချစ်ဘူးတဲ့လား။ သူချောင်းဆိုးနေတုန်း ရေခဲမုန့်စားချင်သည်ဆိုတော့ ချက်ချင်းဝယ်ချလာသော ဒေါ်တုတ်ကရော။ နောက်ဆုံး သူ အဆင့်ပြင်ထားသည်ကို မသိသလို မျက်ကွယ်ပြုပေးသော ဖေဖေ။ ဖေဖေဟာ သူ့ကို အလိမ္မာတုံးလေးဟု တဖွဖွ ချီးကျူးနေပေမယ့် တကယ်တမ်း စဉ်းစားကြည့်လျှင် သူသည် ဘာလိမ္မာတာကိုများ လုပ်ဖူးခဲ့လို့လဲ။

ဘာဆိုဘာမှမလုပ်။ စောစောလည်း မထ၊ အိပ်ရာလည်း မသိမ်း၊ မိဘလည်း မကူ၊
စကားလည်း နားမထောင်၊ လိမ်လည်း လိမ်တတ်၊ မဟုတ်တာလည်း လုပ်တတ်သည့် စစ်ငယ်။ Kyle စကားကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်မိမှ အဖေလုပ်သူ​၏ ချီးမွမ်းချက်ဟာ အာပလာတွေမှန်း သိလာရသည်။

ဖခင်ဖြစ်သော ဦး David ကိုယ်တိုင်က သားတော်မောင်ကို ရိုက်နှက်ဆုံးမဖို့ရာ ဝေးစွ၊ လေသံမာမာနှင့်ပင် မအော်ဖူး။ ရွှေပုလ္လင်ထက် ရွှေဇွန်းကိုက်လို့ ဖူးဖူးမှုတ်ထားသဖြင့် ဦကောင်းတို့လို အပြင်လူတွေ ဘာမှတစ်ခွန်းမှ ဝင်မပြောရဲကြတာ အဆန်းတော့မဟုတ်ပြီ။

ဒါပေမဲ့ Kyle ။ ဦး တပ်ခေါ်ရပေမယ့် တကယ်တမ်းတော့ အသက်က နှစ်ဆယ်။ နုပျိုလှသည့် မျက်နှာရိပ်ကို ဩဇာတွေဖြင့် အရောင်တင်တော့ စစ်ငယ် ရိုသေရတော့သည်။ တစ်ချိန်တည်းမှာပဲ Kyle ဆိုသူကြီးက အတော့်ပင် ခန့်ညားသည်ဟု စစ်ငယ်မြင်မိ​သည်။ အထူးသဖြင့် မျက်အိမ်ဝန်းတွေ။ နက်မှောင်သလောက် စူးတောက်သည်။

စစ်ငယ် ကျောင်းကအပြန် အိမ်အရောက် ကားပေါ်က မဆင်းရသေးမီမှာပဲ ကားနက်နက်ကြီးကို လည်ဆန့်လို့ လိုက်ရှာနေမိသည်။

ဟော၊ တွေ့ပါပြီ။ ဘာအမျိုးအစားမှန်းမသိသည့် ကားမည်းမည်းကြီး။ စစ်ငယ် စိတ်ထင်လို့ပဲလားမသိ၊ Kyle နှင့် သူ့ကားက တော်တော်လိုက်သည်။ သို့ရာတွင် ထူးခြားတာတစ်ခုက Kyle ​၏ကားဘေးနားမှာ အခြားကားသုံးစီးရောက်နေခြင်းပါ။ သုံးစီးလုံးဟာ အနက်ပေမယ့် Kyle ​၏ကားမည်းမည်းကြီးကိုတော့ မမှီ။ စစ်ငယ် အမှတ်တွေစွတ်ပေးနေရင်း ကားပေါ်က ခုန်ဆင်းလို့ Kyle နှင့်ဆုံခဲ့ဖူးသည့် နှင်းဆီပင်တွေဘက် အပြေးနှင်မိသည်။

The World of DisciplineWhere stories live. Discover now