Part 05

2.2K 197 28
                                    

(unicode)
​ဆုံးဖြတ်ချက်ဟာ သူ့အတွက်ပဲတဲ့။ သူ့ရဲ့ဝမ်းနည်းခြင်းတွေ အတွက်လား။ သူ့ရဲ့မွန်းကြပ်မှုတွေ အတွက်လား။ သေချာတာကတော့ ထိုအရာကို စစ်ငယ် လက်မခံချင်။ သူ့အတွက်ဟု နာမည်တပ်ထားသော လက်ဆောင်တစ်ခုကို အကြောက်ကန် ခေါင်းခါလိုသည်မှာ ယခုအခါသည် ပထမဦးဆုံးအကြိမ်ပင်။

"မင်း ကိုယ်နဲ့လိုက်ခဲ့ပြီး ကိုယ့်အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းရမယ်။ ကိုယ့်စည်းဘောင်တွေကြားမှာ အရွယ်ရောက်ရမယ်။ ဒါဟာ မင်းဘဝအတွက် အလုံခြုံဆုံးပဲ ငယ်"

စစ်ငယ်ရှေ့က လူကြီးသည် လက်ကိုပိုက်လို့ တိကျပြတ်သားသော စကားတွေကို ခပ်တည်တည်ဆိုသည်။

စကားတဲ့။ စစ်ငယ် နားထဲမှာတော့ ထိုစကားလုံးတွေသည် စကားမဟုတ်သော အမိန့်များသာ။ လွှမ်းမိုးမှု၊ ချုပ်ချယ်မှု၊ ကြီးစိုးမှုနှင့် နောက်ဆုံး အတ္တ။ တည်တံ့သည့် နှုတ်ခမ်းနှစ်လွှာဟာ ဆွဲဆောင်မှုရှိသလောက် ထိုနှုတ်ခမ်းနှစ်လွှာကြားက အန်ကျလာသည့် အမိန့်သံဟာ သိပ်ပြီးကြောက်ဖို့ကောင်းလွန်းသည်။

​ခြောက်ခြားစရာအရာတစ်ခု သူ့ဆီရောက်လာတော့မည်ဆို ကလေးတစ်ယောက်ဟာ ဘာလုပ်မလဲ။

သေချာပေါက် ငြင်းမှာပေါ့...။

လောကမှာ ကလေးတစ်ယောက်​၏ ငြင်းနည်းတွေ အများကြီးရှိသည်။ ရိုးရိုးတန်းတန်း ခေါင်းခါပြီး ငြင်းခြင်း၊ တစ်ဆင့်တက်လျှင် နှုတ်မှ အော်ဟစ်ငိုယိုပြီး ငြင်းခြင်း၊ အဲဒါကိုမှ တစ်ဆင့်ထပ်တက်လျှင် ကြမ်းပြင်ပေါ်ထိုင်ချပြီး တစ်ကိုယ်လုံး လှုပ်ရမ်းလို့ ခြေစုံကန်ငြင်းခြင်း။

"ဟင့်အင်း။ ငယ် မလိုက်ချင်ဘူး။ ငယ့်ကို တစ်ယောက်တည်း လွှတ်ထားပါ။ တစ်ယောက်တည်း လွှတ်ထားပေးပါ"

စစ်ငယ်သည်လည်း သမားရိုးကျ ကလေးတစ်ယောက်ဖြစ်ရာ ပထမအဆင့်ငြင်းခြင်းကို သူ့ရှေ့က လူကြီးဟာ အဖတ်မပြောနှင့်၊ အရေပင် မလုပ်။ မျှော်လင့်ထားသော တုံ့ပြန်ချက်တစ်ခုလို စိမ်ပြေနပြေ ဆက်ရှင်းပြ​၏။

The World of DisciplineWhere stories live. Discover now