အပိုင်း ၁

420 26 4
                                    

(Unicode)

ညနေကျောင်းဆင်းချိန်၏ ကျပ်သိပ်နေသည့် လူအုပ်ကြားမှ အတင်းတိုးထွက်ကာ လမ်းမပေါ်သို့ ရောက်သည်နှင့် မြူနှင်းမိုး စက်ဘီးကို စနင်းလိုက်သည်။ ကျောင်းလုံချည်အနားစသည် ကျောင်းရှေ့ရှိ ရွံ့ဗွက်အိုင်ကြောင့် ညစ်ပတ်ပေရေသွား၏။ မြူနှင်းမိုးတစ်ယောက် စိတ်သိပ်မကြည်ချင်တော့ပေ။

မနက်အစောပိုင်းကတည်းက ရွာခဲ့သည့် မိုးသည် ညနေစောင်းမွန်းလွဲတော့မှ တိတ်သွားတာဖြစ်၏။ သို့သော် လိပ်ဆင်နေသည့် တိမ်မည်းထုကြီးကတော့ ယခုချိန်ထိ ကောင်းကင်ပြင်ကို မခွဲခွာချင်သေးပုံဖြင့် အတင်း ကပ်တွယ်နေတုန်းဖြစ်သည်။

ယခင်ကတည်းက ထိုစိုစွတ်စွတ် မိုးကို မကြိုက်သည့် သူသည် ဤသို့ စိုထိုင်းထိုင်းဖြင့် ကျောင်းလာရခြင်းကိုလည်း မနှစ်သက်သလို တစ်လမ်းလုံးရှိ ချိုင့်ခွက်များ၌ ဤသို့ မိုးရေများ ပြည့်နှက်နေခြင်းကိုလည်း မနှစ်သက်ပေ။ ကပ်သပ်စွာ ပါနေသည့် သူ၏ နာမည်မှ မိုးကိုပင် ဖြစ်နိုင်ရင် ဖြုတ်လိုက်ချင်သည့်တိုင် ချွင်းချက်အနေဖြင့် မိုးရွာခြင်းကို အရူးအမူးကြိုက်တတ်သည့် လူတစ်ယောက်ကိုတော့ သူငယ်ချင်းအဖြစ် တော်ထားရသေး၏။

အဖျားကြောင့် နေ့လည်တစ်ပိုင်းလုံး ကျောင်းမတက်နိုင်ဘဲ အိမ်စောပြန်သွားခဲ့ရသည့် ထိုသူငယ်ချင်း​ဖြစ်သူကို မြူနှင်းမိုးတစ်ယောက် စိတ်မပူဘဲ မနေနိုင်ပေ။ မြူနှင်းမိုးထံ၌ သူငယ်ချင်း များများစားစားရှိသည်မဟုတ်။ သိသူခင်သူများသော်လည်း စကားနည်းပြီး ဖော်ဖော်ရွေရွေ မနေတတ်သည့် သူ့အား ရင်းရင်းနှီးနှီးပေါင်းသည့် သူငယ်ချင်းက လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်လို့ရနိုင်သည်။ ထိုသူများထဲကမှ ကြယ်လေး ဆိုသည့် သူက မြူနှင်းမိုးအတွက် အခင်တွယ်ရဆုံးဟု ဆိုရမည်။

ကြယ်လေးအတွက် ဖက်ထုပ်တစ်ပွဲနှင့် ပုံမှန်ဆို ဖက်ထုပ်စားပေမဲ့ နေမကောင်းလျှင် ဖက်ထုပ်ကို လူမမာစာဟု ဆိုကာ အစာမစားချင်တာကြောင့် ဂျီချတတ်သည့် ထိုကောင်မလေးအတွက် သူကြိုက်တတ်သည့် မက်မွန်သီးကိုလည်း ဝယ်သွားပေးဖို့ မမေ့ပေ။

တိမ်တွေမှာ ငွေဇာကွပ်ရယ်နှင့်Where stories live. Discover now