ညကပြောထားခဲ့သည့်အတိုင်း ကြယ်လေးက မနက်စောစောလာခေါ်၏။ သူ ယူလာသည့် စက်ဘီးကို ခြံထဲသွင်းထားခဲ့လိုက်ပြီး မြူနှင်းမိုး ဆိုင်ကယ်ဖြင့် ချောင်းဘေးက ကွင်းပြင်ကို ထွက်ခဲ့ကြသည်။
မနက်အစောပိုင်းဖြစ်ပေမဲ့ တပေါင်းတန်ခူးမို့ သိပ်မအေးလွန်း သိပ်မပူလွန်းပဲ ရာသီဥတုက နေလို့ကောင်းသည်။ တိမ်တွေထူမနေတာကြောင့် နံနက်ခင်း နေခြည်နွေးနွေးက ကွင်းပြင်ပေါ် ကျရောက်ကာ မြေပြင်ပေါ်၌ လူနှစ်ယောက်၏ အရိပ်အား ထင်ကျန်ရစ်နေစေ၏။
ငယ်ရွယ်မှု၏ ကျက်သရေတို့ အပြည့်ပိုင်ဆိုင်နေသော လူငယ်နှစ်ယောက်မှာ ပေါ့ပါးကြည်လင်စွာ သူတို့အလုပ်ကို စိတ်ဝင်တစားလုပ်နေကြသည်။ သင်ပြသူကလည်း စိတ်ရှည်သလို သင်သည့်သူကလည်း စိတ်ဝင်တစားရှိသည်။
သည်လိုအချိန်တွေဆို ကြယ်လေးက အတော်လေး နာနာခံခံရှိသည်။ မြူနှင်းမိုး ပြောသမျှကို သေချာလေးနားထောင်ပြီး လိုက်လုပ်သည်။ ပုံမှန်လို အော်ဟစ်မနေဘဲ ဆရာတစ်ယောက်ထံမှ သင်ယူနေသလို ပြုမူသည်။
"ဒီလိုမျိုး ဟုတ်တယ် ကြယ်၊ လက်ကိုင်ကို အတင်းကြီး မကိုင်ထားနဲ့၊ စက်ဘီးစီးသလိုမျိုးဘဲ၊ ဘာမှမကွာဘူး... "
မနက်ခင်းတစ်ပိုင်းပင် မကုန်သေးပေ။ ကြယ်လေးက လမ်းအဖြောင့်ကို အေးအေးဆေးဆေးစီးနိုင်သွားပြီ ဖြစ်သည်။ မြူနှင်းမိုး၏ ဆိုင်ကယ်က ဂီယာချိန်းစရာမလိုသော အော်တိုဘီးမျိုး ဖြစ်တာကြောင့် လင်းကြယ်စင်လို စက်ဘီးစီးတတ်သူအတွက် လီဗာကောင်းကောင်းနိုင်ရုံဖြင့် ဆိုင်ကယ်နိုင်ပြီဖြစ်သည်။
ဆရာ တော်တာလည်း ပါမည်။
သို့သော် ကြယ်လေးက ကိုယ့်ခြေနင်းအားကြောင့်မဟုတ်ဘဲ စက်ကိရိယာ၏ အကူအညီဖြင့် မောင်းနှင်ရသည့် ဆိုင်ကယ်က ပိုသွက်လက်နေတာကြောင့် အနည်းငယ်စိမ်းသက်နေပုံပေါ်သည်။ မတော်တဆ လီဗာတင်မိသော တစ်ခါတစ်ခါတွင် လက်ကိုင်ကို အတင်းကြီးဆုပ်ကိုင်ထားတတ်သည်။ ထို့နောက် အခြား ဘာအာရုံမှ မရတော့ဘဲ ဆိုင်ကယ်စီးခြင်းအပေါ်သာ စိတ်က တွယ်ကပ်ပါနေတော့သည်။
YOU ARE READING
တိမ်တွေမှာ ငွေဇာကွပ်ရယ်နှင့်
Teen Fictionအနက်ရောင်ကောင်းကင်က ကြယ်တစ်ပွင့် ကျွန်မနှလုံးသားထဲ တည့်တည့် ကြွေကျလာတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒတွေဆီ လွင့်မျောပါရင်း ကျွန်မအိမ်မက်ဟာ ယိုင်နဲ့လာတယ်။ အချစ်ဟာ ဘာလဲလို့ မေးလာရင်တော့ အချစ်ဟာ ကြယ်တွေလေ လို့ ကျွန်မဖြေမယ် ~ ~