အပိုင်း ၁၈

411 27 13
                                    

ဆောင်းရာသီရဲ့ အအေးထုဝတ်ရုံလွှာက ကမ္ဘာမြေပေါ်မှ တလွင့်လွင့် ကွာကျကာ မတ်လရဲ့ နေအပူရှိန်က နွေးထွေးပြည့်စုံစွာ အစားထိုးဝင်ရောက်လာခဲ့သည်။ နွေရဲ့အလှတရားပြယုဒ်ဖြစ်တဲ့ ရော်ဝါရွက်ကြွေများဟာ ပင်ခြေရင်းတွေဆီ ဝပ်တွားခယကုန်လျက် အပင်ဆစ်တို့၌ ပုရစ်ဖူးလေးများက ဝေဝေဆာဆာ။ ဆေးတက္ကသိုလ်ဝင်း၏ နယ်နိမိတ်ကို ကာဆီးထားသည့် ပျဥ်းမပင်တို့ဟာလည်း ခရမ်းရောင်အဖူးအငုံတွေနဲ့ နွေကို ကြိုဆိုနေကြ၏။

ရုပ်ရှင်ပြဇာတ်ရုံကြီးထဲ ရောက်မလာသေးသူကို မျှော်ရင်း သဘာဝတရားကြီးထဲသို့ မြူနှင်းမိုး ခြေစုံပစ်ဝင်နေမိသည်။ ဆောင်းရဲ့ အေးစက်မှုန်ရီတဲ့အလှ၊ နွေဦးရဲ့ နွေးထွေးကြည်လင်တဲ့အလှ ဘယ်လိုအချိန်ဖြစ်ပါစေ သဘာဝတရားတွေဟာ မြတ်နိုးဖို့ကောင်းသည်။

မြူနှင်းမိုး အကြိုက်နဲ့ ထပ်တူမကျသည်က နေခြည်နုနုအား ညှို့မှိုင်းနေတဲ့ တိမ်စိုင်ထုတွေနဲ့ ကာဆီးကာ လမ်းဘေးချိုင့်ခွက်တွေကအစ ရေအိုင်ကလေးများအဖြစ်ပြောင်းလဲပစ်နိုင်တဲ့ မိုးရာသီတစ်ခုတည်း။ ဒီလို စိုစွတ်စွတ်ရာသီကို ကြယ်ဟာ ဘယ်လိုအကြောင်းပြချက်နဲ့များ သဘောကျရတာပါလိမ့်။

"မြူ..."

ခေါ်သံကြောင့် အတွေးတွေဟာ တိကနဲ ဖြတ်တောက်သွားပြီး ဆက်ကနဲထရပ်မိတော့ လက်ထဲမှ ကိုလာခွက်က အနည်းငယ် ခလောက်ဆန်သွားသည်။ တစ်ချိန်တည်း သူ့ဆီ အမောတစ်ပိုင်းလာနေသူကို ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းဟာ ကွေးတက်သွားပြီး ဘယ်ဘက်ပါးပြင်မှာ ပါးချိုင့်ကလေးက ခွက်သထက် ခွက်လာ၏။

"ဘာလို့ ပြေးလာတာလဲ၊ ချွေးတွေကို ထွက်လို့"

"ကားလမ်းတွေက ရှယ်ပိတ်နေတာဟ၊ ရုပ်ရှင်ချိန်မမှီမှာစိုးလို့"

"မှီပါတယ်ဟာ၊ ရော့ အမောပြေ နင်ကြိုက်တဲ့ ကိုလာလေး သောက်လိုက်ဦး။ အာလူးကြော်၊ နေကြာစေ့နဲ့ ပေါက်ပေါက်တော့ ဝယ်ထားတယ်။ အခြား ဘာစားချင်သေးလဲ"

ကြယ်ရဲ့ နှဖူးပြင်မှာ သီးနေတဲ့ ချွေးစလေးတွေကို ညင်သာစွာ ဖယ်ရှားပေးလိုက်ရင်း ပြောလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Dec 29, 2023 ⏰

Add this story to your Library to get notified about new parts!

တိမ်တွေမှာ ငွေဇာကွပ်ရယ်နှင့်Where stories live. Discover now