လက်ကောက်ဝတ်ရှိ ငွေရောင်လက်ပတ်နာရီအသေးလေးကို တစ်ချက်ကြည့်လိုက်ပြီး သောက်လက်စကော်ဖီခွက်ကို စားပွဲပေါ်သို့ မြူနှင်းမိုး ပြန်ချလိုက်သည်။ ဒီဇင်ဘာမနက်ခင်းရဲ့ လေက အေးပေမဲ့ စိတ်လှုပ်ရှားမှု၏ သက်သေအဖြစ် လက်ဖဝါးပြင်က ချွေးစေးထွက်နေ၏။
တိုင်းချုပ်ထားတဲ့ ဆင်စွယ်ရောင် အနောက်တိုင်းဝတ်စုံက ကိုယ်၌ အံဝင်ခွင်ကျလိုက်ဖက်နေကာ လည်တံမြင့်မြင့်မှာ ချည်ထားတဲ့ အနက်ရောင် Bowltie ကြောင့် လူငယ်ဆန်မှုကိုလည်း မလစ်ဟင်းစေရ။ ဝတ်စုံနှင့် ဆင်တူမှာထားသည့် ရှူးဖိနပ်အစုံပါ အတူပေါင်းစပ်လိုက်သောအခါ ပို၍ပင် ထည်ဝါသွားသည်။
ကာလပေါ် မိတ်ကပ်ပစ္စည်းများ မျက်နှာပေါ်တင်လေ့မရှိသော်လည်း ယခုတွင် အများနည်းတူ ပြင်ဆင်ထားရသည်။ နရီညွှန်းတဲ့ ပရိုဖက်ရှင်နယ် မိတ်ကပ်ဆရာ၏ လက်စွမ်းကလည်း မသေးလှ။ မြူနှင်းမိုး၏ အသားအရောင်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ်အရောင်ကို ဦးစားပေးသုံးထားပြီး အသားရောင်ရင့်ရင့်ဖြင့် မျက်နှာကောက်ကြောင်းများကို Brush နဲ့ အသေးစိတ် ပုံဖော်လိုက်သောအခါ မိတ်ကပ်လိမ်းထားသည်ဟု မသိသာစေဘဲ သူ၏ နဂို အမျိုးသမီးမျက်နှာကျသွယ်သွယ်အား ခပ်ချောချော အမျိုးသားငယ်တစ်ယောက်အလား ထင်မှတ်မှားစေတဲ့အထိ မိတ်ကပ်အစွမ်းဟာ အံ့မခန်း။ ကျောလယ်မှ မညှပ်ဖြစ်သေးသော ဆံနွယ်များအား ဆံပင်ရှည်ထားသည့် ယောကျာ်းလေးများ ထုံးချည်သလို အနောက်မှာ လျော့တိလျော့ရဲ ထုံးဖွဲ့ထားလိုက်တဲ့အခါ Handsome ဖြစ်တဲ့ အမျိုးသားငယ်တစ်ယောက်ဟူ၍ပင် ထင်ရသည်။
သိသာစွာ ပြောင်းလဲသွားသည့် နောက်ထပ်အရာတစ်ခုကတော့ မိန်းကလေးသဘာဝ ဖွံ့ထွားနေသည့် ရင်သားနေရာ။ မြူနှင်းမိုး Nora's universe က ဝယ်ခဲ့ဖူးတဲ့ Binder နဲ့ အမျိုးအစားတူသော်လည်း ယခုဝတ်စုံက သူဝယ်ခဲ့သလို ချိတ်တွေနဲ့ ရင်စည်းတော့မဟုတ်။ ယောက်ျားဝတ် စွပ်ကျယ်မှာ အစပါးပါးလေးတစ်ထပ်ခံထားပြီး အနောက်မှာ ဇစ်ပျောက်တစ်ခုပါသည်။ ချိတ်တွေ အများကြီးတပ်ရတာထက် ဒါက ပိုအဆင်ပြေတယ် ဟု နေနီက ညွှန်းပေးလိုက်၍ တစ်ဖွဲ့လုံးစာကို ထိုအမျိုးအစားထဲကပဲ ဝယ်ခဲ့တာဖြစ်သည်။
VOCÊ ESTÁ LENDO
တိမ်တွေမှာ ငွေဇာကွပ်ရယ်နှင့်
Ficção Adolescenteအနက်ရောင်ကောင်းကင်က ကြယ်တစ်ပွင့် ကျွန်မနှလုံးသားထဲ တည့်တည့် ကြွေကျလာတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒတွေဆီ လွင့်မျောပါရင်း ကျွန်မအိမ်မက်ဟာ ယိုင်နဲ့လာတယ်။ အချစ်ဟာ ဘာလဲလို့ မေးလာရင်တော့ အချစ်ဟာ ကြယ်တွေလေ လို့ ကျွန်မဖြေမယ် ~ ~