unicode
ကျုပ်နှင့်အကိုရုန်းတို့ရဲ့ ရည်းစားသက်တမ်းက ဒီနေ့ဆိုလျှင် တစ်လတင်းတင်းပြည့်ပြီ။ ထိုတစ်လအတွင်းမှာ ကျုပ်ကအကိုရုန်းအခန်းထဲသွားပြီး မုန့်စားလိုက် အကိုရုန်းကထိုင်ကြည့်နေလိုက်နှင့်။
အချိန်တွေ ကုန်သည်မှာသိပ်မြန်သည်။
တခါတလေမှာအကိုရုန်းက ဖွားပုနွားခြံစစ်ပေးတဲ့အခါကြရင် ကျုပ်ကိုခေါ်သွားပြီးသင်ပေးတတ်သည်။ ခုဆိုကျုပ်တောင် အတော်လုပ်တတ်နေပြီဖြစ်၏။ အကိုရုန်းပြောပြဖူးသည်က အကိုရုန်းက စီးပွားရေးနှင့်ဘွဲ့ရထားသည်တဲ့။
တော်သေးသည်။ ကျုပ်တို့ချစ်သူဖြစ်ပြီးကာမှ ကျုပ်ကသိရလို့။ တော်ကြာမောင်ရိုးက ဂုဏ်မက်၍အကိုရုန်းအား ချစ်သူတော်ပါသည်ဟု ထင်နေကြဦးမည်။အမှန်ဆိုလျှင် ကျုပ်ကအကိုရုန်းမို့လို့သာချစ်တာဖြစ်သည်။ အကြောင်းပြချက်ဟူ၍ မယ်မယ်ရရမရှိ။
အကိုရုန်းကိုချစ်ပြီးမှသာ ကျုပ်ကအကိုရုန်းရဲ့ ဆံပင်အခွေလိပ်လေးတွေကို မြတ်နိုးတာဖြစ်သည်။ တိတိရိရိဖြတ်တောက်ထားတဲ့ လက်သည်းညီညီလေးတွေနဲ့ လက်ချောင်းဖြူဖြူရှည်ရှည်များကို ယုယချင်မိတာဖြစ်သည်။ ကျုပ်ကို စိုက်ကြည့်နေတတ်တဲ့ ဆံပင်အခွေလိပ်တွေအောက်က မျက်ဝန်းနက်နက်တစ်စုံကို ရင်ခုန်မိတာဖြစ်သည်။
အကိုရုန်းမို့ပါပဲ။ အကိုရုန်းဆိုတာကြောင့်ပါပဲ။အကိုရုန်းက ကျုပ်အတွက်တော့ အဖိုးဖြတ်လို့မရသည့် ယောက်ျားသားတစ်ယောက်ပင်။
ထိုတစ်လအတွင်းမှာ ကျုပ်သိလိုက်ရတာက ကျုပ်အကိုရုန်းကို လုံးဝလက်မလွှတ်နိုင်ဘူးဆိုတာ။ နောက်ပြီး အကိုရုန်းဟာကျုပ်ကိုချစ်တယ်ဆိုသည်ကိုလည်း အသေအချာကြီးကို ခံစားမိနေသည်။ အကိုရုန်းရဲ့ ဆံပင်အခွေလိပ်တွေ အောက်ကမျက်ဝန်းနက်နက်ကိုကြည့်လိုက်ရရုံလေးနှင့် ကျုပ်မှာပျော်နေရပြီဖြစ်၏။ အကိုရုန်းအနားမှာနေရတာသည်နှင့်ကိုပင် အကိုရုန်းကသိပ်အင်အားကြီးတယ်လို့ ကျုပ်ကခံစားမိနေရတာဖြစ်သည်။နောက်တစ်ချက်အနေနှင့်ကျုပ်သိလိုက်ရသည်က အကိုရုန်းမှာအင်္ကျီရှားတယ်ဆိုတာပင်။ ကျုပ်ကြည့်လိုက်တိုင်း ရှပ်လက်တိုအဖြူရောင်၊ဘောင်းဘီရှည်အနက်နှင့်။ နောက်ကြုံကာမှ အရောင်လေးတွေနှင့်ကြည့်ကောင်းတာကိုဝယ်ပေးရမည်ဟု တွေးထားသည်။ အကိုရုန်းလိုခံ့ညားသည့်ယောက်ျားတစ်ယောက်က အဖြူရောင်နှင့်အနက်ရောင်ချည်းကိုသာစွဲစွဲမြဲမြဲဝတ်နေခြင်းက သိပ်မတရားဘူးလို့တော့ကျုပ်ထင်မိ၏။
أنت تقرأ
ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)
عاطفيةမောင်ရိုးက ရိုးတယ်.......။ ချစ်ခြင်းကို အပြည့်အဝပေးရင်..... အပြည့်အဝပြန်ရမယ်လို့ ယုံကြည်တယ်.......။