အပိုင်း၁၄

293 56 67
                                    

[Unicode]

"အဘ ဒီမယ် အဲ့သည်နေ့က သေနာပတိနဲ့ အတူရှိသူများရဲ့ စာရင်းပါ"

"ဟ ... ကျုပ်သားထွေးက တယ် လက်စောင်းထက်လှပါလား။ အဘယ်ကများ ရလာချေသဟာတုံး"

"ကျုပ်နည်းကျုပ်ဟန်နဲ့ ရခဲ့သဟာပ။ အဲ့သလိုဆို ပြန်ချေဦးမယ် အဘ နောက်ပိုင်းမယ် သဘင်သည်တွေကို ကျုပ်သင်ပြစရာ ရှိသေးတယ်"

"နေပါဦး သားထွေး..."

ဦးဖိုးရှင့်က ဆေးလိပ်ကို ပြာခွက်ထဲဖိချေကာ လှေကားမှ တဆင့်ချင်း ဆင်းလာသည်။ လှည်းယဉ်ပေါ်တက်မည့် ရနောင်း၏ ခြေလှမ်းတို့ ရပ်တန့်သွား၏။ မယ်ရူပါက စားဖိုဆောင်ထဲတွင် ရနောင်း၏အမေပေးသော အိုးကြီးအိုးငယ်တို့ကို ပွေ့ကာ သူ့မိခင် မှာတမ်းခြွေသမျှကို နားထောင်နေသည်။

ရနောင်း၏ဖခင်က အိမ်နောက်ဖေး စပါးကျီနှင့်တွဲလျက်ရှိသော ဂိုထောင်ထဲသို့ ဦးဆောင်၍ ဝင်သွားသည်။

အဝမြို့သည်ကား မြို့တော်ကြီးဖြစ်သော်လည်း ဧရာဝတီမြစ်နှင့်ဒုဋ္ဌဝတီမြစ်၏ မြစ်ကမ်းပါးသဖွယ်ဖြစ်နေသောကြောင့် နှစ်စဉ်ရေလွှမ်းတတ်သည်။ ရေလွှမ်းတတ်သည်ကိုလည်း ရွှေမြို့သူမြို့သားများက သိသဖြင့် ခြေတံရှည်အိမ်များသာ ဆောက်ကြသည်။

ရနောင်းတို့၏ ဂိုထောင်ကတော့ တမူထူးခြားလျက် မြေစိုက်ဂိုထောင်ဖြစ်ကာ ပတ်ပတ်လည်ကို သစ်သားတစ်ထပ် ဝါးထရံတစ်ထပ် ကာထားသည်။ အပြင်မှကြည့်လျှင်တော့ ထရံကာ သက်ငယ်မိုး ဂိုထောင်အသေးစားကလေး ဖြစ်၏။ ထိုအထဲ၌ မည်သည့်ကုန်အမျိုးအစား လှောင်ထားသည်ကို ရနောင်းမသိချေ။ ကုန်သွယ်ခြင်းအမှုကို စိတ်မဝင်စားလေသောကြောင့် သတိမထားမိခြင်းဖြစ်သည်။ ဖခင်ကလည်း တစ်ခါမျှ ထိုအထဲသို့ ခေါ်ခြင်းမရှိ။

"ဝင်ခဲ့သားထွေး"

ရနောင်းမှာ ထိုဂိုထောင်ထဲသို့ ပထမဆုံး ခြေချမိလိုက်သည်။ အထဲတွင် လူတစ်ယောက်၏ ရင်စို့မျှရှိသော စဉ့်ချောအိုးကြီးများအပြည့်။ စဉ့်အိုးအဖုံးများကို ဖွင့်ကြည့်လိုက်ရာ ဆီအိုးနှင့် ဆားအိုးများသာဖြစ်နေသည်။ ငါးပိအိုးအချို့လည်း ရှိသည်။

မြတ်နိုးရိပ်ဋီကာ (Uni, Zawgyi)Where stories live. Discover now