အပိုင်း ၂၁

858 60 17
                                    

[Unicode]

သူတို့နှစ်ဦး ရုပ်သေးပွဲမစမီ မြင်းလှည်းပေါ်မှာ အတူထိုင်မိကြသည်။ ရနောင်းဒဏ်ရာကို လိမ်းဖို့ မာန်ရဇ္ဇမှာ ဆေးမှုန့်တွေပါလာသည်။ သည်အချိန်လောက်ဆို ဦးဖိုးရှင့်လည်း ပန်တျာကျောင်းကို ရောက်နေလောက်ပြီ။ အဘသူ့ကို စိတ်တိုနေမလားဟု တွေးမိနေလျက်နှင့်ပင် ရုပ်သေးပွဲကြောင့်လားမသိ ပျော်နေသည့် စိတ်ကသာ အလေးသာနေခဲ့သည်။

မြင်းလှည်းပေါ် ပက်လက်အိပ်ရင်း ပေါင်းမိုးကွေးကွေးလေး ဘောင်ခတ်ထားသည့် ကောင်းကင်ပြာကြီးကို အတူ ငေးမိသည်။ အရိပ်ကောင်းရသည့် ကုက္ကိုပင်အိုကြီးကလည်း မှိုင်းညို့ဖြာကျလို့နေသည်။ နေဝင်လုနေလေလေ ကောင်းကင်ကြီးက ပုစွန်ဆီရောင်ပြောင်းလာလေလေ ဖြစ်သည်။ ထိုကောင်းကင်ကြီးကို သူတို့ငယ်စဉ်က မကြာခဏ အတူ ကြည့်ဖူးခဲ့သည်။ တစ်ခါတရံ ပြာလွင်၍ တစ်ခါတရံ နီပြာ ညိုမှောင်တတ်သော ကောင်းကင်ကြီးကို သူမှတပါး တခြားဘယ်သူနဲ့မှ အရသာခံ မကြည့်ဖူးခဲ့ချေ။ ကာလတွေ မည်သို့မည်ပုံ ရွေ့ရွေ့ ကောင်းကင်ကြီး ဘယ်အရောင်ပြောင်းပြောင်း ကောင်းကင်ကြီးကို အတူငေးမောကြသည့် အဖော်ကတော့ ပြောင်းလဲခြင်းမရှိ။

"နောင်ကြီး"

"အေး"

"ကျုပ် မနက်ဖြန်ပဲ ပြန်ရတော့မယ်"

ရနောင်း သူ့ကို ခေါင်းစောင်း၍ကြည့်လိုက်သည်။ စစ်ပွဲအလယ်ကနေ တစ်ခဏတည်း အိမ်ပြန်လာပြီး ဘာလုပ်တာပါလိမ့် စူးစမ်းလိုသော်လည်း ထုတ်မပြောဖြစ်။ မာန်ရဇ္ဇကလည်း သူ့ဘက်ကို ပြန်၍ စောင်းငဲ့ကြည့်သည်။

"ကျုပ်က အရပ်ရှစ်မျက်နှာကို မင်းကြီးစေစားနေသရွေ့ အမြဲ စစ်ထွက်နေရမှာ သိတယ်မဟုတ်လား"

"……"

"ဆိုတော့ကာ စစ်မြေပြင်က ကျုပ်ပြန်လာရင် နောင်ကြီး လိုချင်တာရှိသလား"

"မင်းကိုပဲ လိုချင်တယ်"

"……"

မာန်ရဇ္ဇရဲ့ မျက်ခုံးတွေ မြောက်သွားသည်။ ရနောင်းက သူ့ဘယ်ဘက်တွင်ရှိနေသည်မို့ ဒဏ်ရာကြောင့် လှည့်မရချေ။ ခေါင်းစောင်းကာ မတူညီသည့်အရောင်နှစ်ခုနှင့် မျက်ဝန်းအစုံက သူ့ကို စူးစိုက်ကြည့်၏။

မြတ်နိုးရိပ်ဋီကာ (Uni, Zawgyi)Where stories live. Discover now