အပိုင်း ၁၈

407 51 69
                                    

[Unicode]

"မင်း …!"

သူမက နှုတ်ခမ်းတစ်ဖက် ပင့်တင်လျက် မထီလေးစားပြုံးပြ၏။ သူမ၏ အလစ်အငိုက်မှာ သူမလည်ပင်းပေါ်သို့ မာန်ရဇ္ဇ၏ အဲမောင်းအသွားက ရောက်နှင့်ချေပြီ။ မာန်ရဇ္ဇ၏ မျက်ခုံးနှစ်ဖက်လုံး ထိလုမတတ် တွန့်ချိုးနေသည်။

"ရနောင်း ဘယ်မတုံး"

"ကျုပ်နဲ့ ကိုရင်ရနောင်း ဘာဆိုင်တုံး အဟင်း …"

"မယ်ရူပါ !!"

"ကိန္နရီ …"

"………"

"မယ်ရူပါ မဟုတ်ဘူး ကိန္နရီ"

"မင့်နာမည်အရင်းကို ကျုပ် အာရုံစိုက်မနေဘူး။ နောင်ကြီးရနောင်း ဘယ်မတုံး။ သူတစ်ခုခုဖြစ်ရင် မင်း ခြေလက်အစုံနဲ့ မသေရဘူးမှတ်"

"ကျုပ်က ကိုရင်ရနောင်းရဲ့ ရန်သူ မဟုတ်ပါဘူး။ တကယ့်ရန်သူအစစ်က ဟောဒီက ဗိုလ်ဇေယျာမဏိ မဟုတ်ချေဘူးလား အဟင်း…"

မာန်ရဇ္ဇက သူမ လည်ပင်းအရေပြားပေါ် အဲမောင်းကို ပိုဖိလိုက်သည်။ အဲမောင်းသွား၏ နစ်ဝင်မှုကြောင့် လည်ပင်းမှ သွေးစက်များ စီးကျလာ၏။

"ဘာစကားတုံး။ မင်းမှာ ကျုပ်ကိုစွပ်စွဲခွင့်မရှိဘူး မယ်ရူပါ"

"သိပ်ရှိ‌သဟာပေါ့ ဗိုလ်ဇေယျာမဏိရဲ့။ သင်က တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ငါးရာဗိုလ်ငယ်လို့သာ စွဲသွားသဟာလား။ သင်နဲ့သင့်ခမည်း‌တော်က ဘုရင့်လူယုံဆိုသဟာကို ကျုပ်ကကောင်းကောင်းသိတယ်လေ။ ဗိုလ်ဇေယျာမဏိက ကိုရင်ရနောင်းအနားမှာ ရှိလေတာ ဘယ်လောက် အန္တရာယ်များလိုက်သတုံး။ သင်က ရန်သူအစစ်မှန်း ကိုရင်ရနောင်းသာ သိရင်…"

မြင်းပေါ်က သူမ၏အပြုံးဟာ ပို၍ရူးသွပ်အရိုင်းဆန်လာသည်။ သည်တစ်ခါတော့ သူမလည်မျိုကို ပိုင်းဖြတ်ဖို့ ဝန်လေးနေသည့်အပြင် အဲမောင်းကိုင်သည့်လက်ကလည်း အားလျော့လာ၏။

"မင်းကရော ဘဟာကြောင့် နောင်ကြီးအနား နေသဟာတုံး"

"ဗိုလ်ဇေယျာမဏိ သိစရာ မလိုဘူး။ ကျုပ်က သင့်ခရီးကို နှောင့်နှေးစေရုံပဲ။ သင် အမြန်ရောက်ရင် ကိုရင်ရနောင်းအတွက် ကောင်းမယ်ထင်သလား။ စဉ်းလဲတဲ့ သေနာပတိက အမှုမှာ ဗိုလ်ဇေယျာမဏိကို ပါဝင်ခိုင်းမှာပ။ ကျုပ်တို့ အပြစ်ကင်းကြောင်း သက်သေမပြနိုင်ခင် ဗိုလ်ဇေယျာမဏိ ရောက်သွားရင် ပိုဆိုးမှာ အသေအချာပဲ။ ကျုပ်ကို သတ်ချင်ရင်သတ်လိုက်။ မိန်းမသားမို့ဆိုပြီး လည်ပြတ်မှာကို တွန့်မနေဘူး"

မြတ်နိုးရိပ်ဋီကာ (Uni, Zawgyi)Where stories live. Discover now