[unicode]
လူအုပ်ကြားထဲ တိုးရဝှေ့ရသည်မှာ မလွယ်လှချေ။ မာန်ရဇ္ဇ၏ အသားမာတက်နေသော ကြမ်းရှရှ လက်ဖဝါးများနှင့် ဖက်တွယ်ခံရသောကြောင့်သာ လူအုပ်ကြားထဲ ရောပါမသွားခြင်းဖြစ်သည်။
မုန့်မျိုးစုံ အရုပ်မျိုးစုံ စုံလင်လှကာ အနယ်အနယ်အရပ်ရပ်မှ ဈေးသည်များပေါင်းစုသဖြင့် အရာအားလုံးဟာ ငေးစရာချည်းဖြစ်သည်။ လမ်းဘေးဝဲယာမှာလည်း မုန့်သည် အရုပ်သည်တို့က အစီအရီ။ နွေရဲ့ သာယာနာပျော်ဖွယ် ငှက်တေးသံတို့ပျံ့လွင့်ပြီး စကားသံ တိုးမပေါက်သည့်ကြားက တစ်ချက်တစ်ချက်မှာ လှည်းယဉ်များဆီက ခြူသံသဲ့သဲ့ကိုလည်း ကြားရသည်။ မြင်းလှည်းများဆီက ခွာသံသဲ့သဲ့ကိုလည်း ကြားရသည်။ ဘုရားပေါ်က ဆည်းလည်းသံကလေးများကိုလည်း တိုးဖျဖျ ကြားရသည်။
ယခင်မင်း လက်ထက်ကတည်းက တည်ပြီးသော်လည်း သည်နှစ်မှ ထီးတော်တင်ရသည်မို့ ပထမဆုံး မဟာမြတ်မုနိ ဘုရားပွဲ ဖြစ်နေသည်။ ယခင်က ဘုရားပွဲများဆိုလျှင် အခုလို သီးသန့် မလည်ပတ်ရပေ။ နဂိုကလည်း ပွဲလမ်းများကို ဝါသနာထုံသူမဟုတ်သည်မို့ လည်ပတ်လေ့လည်းမရှိ။ သို့သော်လည်း ပွဲလမ်းအလယ် တူရိယာတီးရသည့်အလုပ်ကိုဖြင့် နှစ်သက်ရပြန်သည်။
"ကောက်ညှင်းကျည်တောက် စားမလား နောင်ကြီး။ ဘေးမှာလည်း အကြော်တဲက အရံသင့်ပဲဗျ"
မာန်ရဇ္ဇက သူပြောစရာ မလိုဘဲ သူ့အကြိုက်ကိုသိသည်။ ဝါးဆစ်ကိုဖြာထားကာ အထဲမှ ကောက်ညှင်းဆန်ကို လှစ်ဟထားသည့် ကောက်ညှင်းကျည်တောက်ကို လက်ညှိုးညွှန်ပြ၏။ ဖွေးလွကော့ညွတ်နေသော ကောက်ညှင်းထမင်းများက ရနောင်းကို ဆွဲဆောင်နေသလို။ စေးကပ်နေသော်လည်း တစ်ချက်ဝါးလိုက်တိုင်း အိညက်နေသည့် ခံစားချက်ကို နှမ်းဆီမွှေးဖြင့်ကြော်ထားသည့် အကြော်နှင့်တွဲဖက်လိုက်ပါက နတ်သုဒ္ဓါပင် မှီအံ့မထင်။
"စားမယ်"
မာန်ရဇ္ဇ သူ့ကို တစ်ချက်ပြုံးကြည့်ရင်း ကောက်ညှင်းကျည်တောက်သည်ဆီ ချဉ်းကပ်သွားလိုက်သည်။ တစ်ချိန်တည်းမှာပဲ ရနောင်းကိုဖက်တွယ်ထားသည်ကိုလည်း မလွတ်စေရ။ အနီးအနားကပ်လာသည့် သူတို့ထံ ကောက်ညှင်းကျည်တောက်သည်က အသံတစာစာအော်လျက် အမြည်းကျွေးကာ စည်းရုံးသည်။
YOU ARE READING
မြတ်နိုးရိပ်ဋီကာ (Uni, Zawgyi)
Historical Fiction(unicode) ဖြူစင်တဲ့မေတ္တာတစ်ခုက တသိမ့်သိမ့်စီးဆင်းပြီး မြတ်နိုးရိပ်တွေ ပြည့်နှက်နေတယ်။ ဒါက ဘာသဘောလဲ ရောင်းရင်းအပေါ် ကျုပ်ဒီလို မေတ္တာမျိုး ထားလို့ ဖြစ်ပါ့မလား။ (ညောင်ရမ်းခေတ် လူနေမှု၊ယဉ်ကျေးမှုတို့ကို ကောင်လေးနှစ်ယောက်ရဲ့မေတ္တာနဲ့တွဲပြီး အလှပဆုံး ချ...