လင်းဝမ်ယွဲ့ လင်းယုကို စစ်စခန်းအတွင်းရှိ ကွင်းပြင်သို့ခေါ်လာခဲ့လိုက်သည်။ ထိုနေရာကား အသုံးမဝင်တော့သော လက်နက်အကျိုးအပျက်များ ထားသည့်နေရာဖြစ်ပြီး လင်းဝမ်ယွဲ့လာနေကျနေရာလည်း ဖြစ်သည်။
လင်းဝမ်ယွဲ့ တောင်လိုပုံနေသော လက်နက်များကြားထဲတွင် မွှေနှောက်ရှာဖွေနေပြီးနောက် ဓါးမောက်ရှည် တစ်ချောင်း ကို လင်းယုထံသို့ပေးလိုက်သည်။ "နေရာတစ်ခုရှာပြီး ကိုယ့်ဖာသာ အချက်တစ်ထောင် ခုတ်ပိုင်းလေ့ကျင့်နေ"
" ဒါလေးပဲလား အစ်ကို"
လင်းယု စိတ်ပျက်သွားမိသည်။ သူထင်ထားသည်က လင်းဝမ်ယွဲ့က သူ့ကို လျှို့ဝှက်သိုင်းတစ်ချို့ သင်ပေးမည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
လင်းဝမ်ယွဲ့၏ တိုက်ရည်ခိုက်ရည်ကို တိုက်ပွဲများတွင် လင်းယုမျက်ဝါးထင်ထင် မြင်ခဲ့ရပြီးဖြစ်သည်။ လှုပ်ရှားမှုတစ်ချက်စီတိုင်းက တိကျရှင်းလင်းပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုသည်က လင်းဝမ်ယွဲ့၏ မျိုးရိုးစဉ်ဆက် သိုင်းကျမ်းတစ်ချို့ကြောင့်ဟု သူထင်ကာ အားကြိုးမာန်တက် သူ့အစ်ကိုနောက်လိုက်ခဲ့ရသည့် ရလဒ်က ဒါပဲလား...
လင်းဝမ်ယွဲ့ လေ့ကျင့်နေသည်ကို ရပ်လိုက်ပြီး သူမကိုယ်ကို မတ်မတ်ရပ်လိုက်ကာ နောက်လှည့်ကြည့်လိုက်တော့ မရွှင်မပျဖြစ်နေသည့် လင်းယုကို မြင်လိုက်ရသည်။ ရုတ်တရက်သူမ စိတ်ထွေပြားသွားမိသည်။ အကယ်၍ သူမမောင်လေး ဖေးရှင်းသာ အသက်ရှင်နေဦးမည်ဆိုလျှင် အခု လင်းယုပုံစံလို ဖြစ်နေမည်လား။
ထိုသို့တွေးလိုက်မိသည့်အခါ သူမစိတ်နှလုံး နူးညံ့သွားမိသည်။ လင်းယုနားသို့ သွားလိုက်ကာ ပထမဆုံး အကြိမ်အဖြစ် ရှင်းပြလိုက်မိသည်။ "လှံက ငါတို့ လီတိုင်းပြည်က ခြေလျင်တပ်သားတွေ အသုံးများတဲ့ လက်နက်တစ်ခုပဲ။ ဒါပေမဲ့ ငါ့ရဲ့နှစ်နှစ်တာ တိုက်ပွဲအတွေ့အကြုံအရ လှံက တိုက်ပွဲမှာ သိပ်အသုံးမဝင်လှဘူး။ ဟွန်လူမျိုးတွေက ဓါးမောက်ရှည်ကို အများဆုံးသုံးကြပြီး အနီးကပ်တိုက်ပွဲကို အားသန်ကြတယ်။ အနီးကပ် တိုက်ပွဲမှာ လှံကို အသုံးပြုတာက အကျိုးမရှိဘူး။ လှံက မြင်းတပ်နဲ့ရင်ဆိုင်ရတဲ့အခါ အသုံးဝင်ပေမဲ့ ဟွန်လူမျိုးတွေရဲ့ မြင်းတပ်က မြားတပ်သားတွေနဲ့ပါ ဖွဲ့စည်းထားတာ။ ဒါကြောင့် သူတို့က လှံကိုင်တဲ့ စစ်သားတွေကို အဝေးကြီးကတည်းကနေ ပစ်မှတ်ထားနိုင်ကြတယ်။ လှံက မြားတံတွေကို ခတ်ထုတ် ဖယ်ရှားတဲ့အခါ အခက်အခဲရှိတယ်။ ဒါကလည်း ငါတို့တပ်က ခြေလျင်စစ်သားတွေ ကျဆုံးမှုများရတဲ့ အကြောင်းအရင်းတစ်ခုပဲ။ မင်းသာ ဓါးမောက်ရှည် ကိုကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သွားရင် တကယ်လို့ အနီးကပ်တိုက်ပွဲကို ကြုံခဲ့ရမယ်ဆိုရင် လှံကို လွှင့်ပစ်လိုက်ပြီး ဓါးမောက်ရှည်ကို သုံးနိုင်ရင် မင်းနိုင်ဖို့ အခွင့်အလမ်း များလိမ့်မယ်။"
YOU ARE READING
စစ်သူကြီးနှင့်မြင့်မြတ်သော သမီးတော် (Translation)
Historical Fictionမိသားစုနှင့် ၁၁၈ ယောက်သော ရွာသားတို့၏ အသက်သွေးကြွေးအတွက် ကလဲ့စားချေနိုင်ရန် အမွှာ မောင်လေး၏ နာမည်ကိုယူကာ ယောက်ျားလေးဟန်ဆောင်ကာ စစ်ထဲဝင်ပြီး ဟွန်လူမျိုးမှန်သမျှ သတ်ရန် ကျိန်ဆိုထားသည့် မိန်းကလေး မိဖုရားခေါင်ကြီး ကံတော်ကုန်ပြီးနောက် အသက် ၁၆ နှစ်ရွယ် သမ...