အခန်း (၇) မိုးမခပင်နဲ့ ပန်းပွင့်များရဲ့ အရိပ်ကြား အခြားရွာတစ်ခုက ပေါ်လာခြင်း

192 13 2
                                    


(ဒီခေါင်းစဉ်က တိုက်ရိုက်ဘာသာပြန်လိုက်တော့ အဓိပ္ပာယ်မရှိသလိုဖြစ်သွားပေမယ့် တကယ်က တစ်စုံတစ်ယောက်အတွက် လမ်းတစ်လမ်းကတော့ အမြဲရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ)

ဟွန်လူမျိုးများကို အနိုင်ရရှိခဲ့သည့်တိုက်ပွဲပြီးနောက် ရက်အနည်းငယ်ကြာခဲ့ပြီဖြစ်သည်။ သေနာပတိချုပ် လီမု၏ စစ်ခန်းကား အနည်းငယ် ငြိမ်းချမ်းရေးရနေခဲ့ပြီး စားသောက်ပွဲလေးများပင် ခဏခဏလုပ်ဖြစ်ကြလေသည်။
သို့သော်လည်း လူတစ်ယောက်ကတော့ တစ်ချိန်လုံပျောက်နေပြီး ထိုသူမှာ ပေါင်တွင် ဒဏ်ရာရခဲ့သော လင်းဝမ်ယွဲ့ ဖြစ်လေသည်။
ထိုသို့ပြောမှပင် လင်းဝမ်ယွဲ့ကား ခြေလျင်စစ်သားများထဲတွင် ထူးခြားသော တည်ရှိမှုတစ်ခုဖြစ်သည်။ သူမကား ခြေလျင်တပ်တစ်ခုလုံးတွင် နှစ်နှစ်အတွင်း မည်သည့်ရာထူးမှ ချီးမြှင့်ခံရခြင်းမရှိသည့် အသက်ရှင်နေသော တစ်ဦးတည်းသော စစ်သားဖြစ်လေသည်။ ဤကဲ့သို့ သေဆုံးနှုန်းမြှင့်သော‌နေရာတွင် အသက်မသေဘဲ ရာထူးလည်းမတိုး ပြောင်းရွှေ့ခြင်းလည်း မခံရလျှင် သူတို့ကို ဝါရင့်စစ်သားကြီးဟုပင် ဆိုနိုင်ပြီဖြစ်သည်။ သူမကိုယ် သူမကောင်းစွာထိန်းချုပ်ထားကာ လူအများနှင့် ဆက်ဆံခြင်းမရှိဘဲ သူမသူငယ်ချင်းမှာ လင်းယု တစ်ယောက်သာ ရှိသည်ဟုပင် ပြော၍ရလေသည်။
သို့သော်လည်း ထိုသည်က လင်းဝမ်ယွဲ့ကို မလေးမစားပြုမည့်သူ ရှိသည်ဟု မဆိုလိုပေ။ စစ်တပ်ထဲတွင် ရဲဘော်ရဲဘက်များ၏ ဆက်ဆံရေးက ရိုးရှင်းကာ သန့်စင်လေသည်။ လင်းဝမ်ယွဲ့၏ ကြိုးစားမှုနှင့် ရဲရင့်မှုကို တိုက်ပွဲတိုင်းတွင် သူတို့ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။ ထို့ကြောင့်ပင် တပ်ဖွဲ့ခေါင်းဆောင်သည် နေ့စဉ် စစ်ရေးလေ့ကျင့်မှုတွင် ဒဏ်ရာရပြီးနောက် လင်းဝမ်ယွဲ့ပျောက်နေသည်ကို ဘာမှမပြောခြင်းဖြစ်သည်။
သို့သော်လည်း လင်းယုကား အလွန်စိုးရိမ်နေခဲ့သည်။ လင်းယုကား လင်းဝမ်ယွဲ့ မည်ကဲ့သို့သူဖြစ်သည်ကို ကောင်းကကောင်းသိသည်။ လင်းဝမ်ယွဲ့၏ လက်မောင်းက ဟွန်လူမျိုး၏ စစ်မြင်းကြောင့်ကျိုးခဲ့ရသည့် အချိန်ကပင် သူကား နာကြဉ်မှုကို သည်းခံကာ နေ့စဉ်လေ့ကျင့်မှုကို ပျက်ကွက်ခဲ့ခြင်းမရှိသည်ကို သူမှတ် မိနေသည်။
ထိုသည်ကိုတွေးမိမှ ထိုနေ့က မြင်ကွင်းကို လင်းယုပြန်လည် အမှတ်ရမိသည်။ လင်းဝမ်ယွဲ့၏ ခြေထောက်များကြား မှ အနီရင့်ရောင်သွေးများ ဖြည်းဖြည်းချင်းစီးကျလာခဲ့သည်။ လင်းယု သက်ပြင်းကိုသာ လေးလေးပင်ပင်ချလိုက် မိသည်။ ယောက်ျားတစ်ယောက်အတွက် ထိုအစိတ်အပိုင်းကို ဆုံးရှုံးရသည်မှာ.....ထိုသည်က အစ်ကိုရှင်းအတွက် ထိုးနှက်ချက်ကြီးဖြစ်သွားခဲ့သည် ထင်သည်။
"အစ်ကို ထမင်းစားဖို့အချိန်ရောက်ပြီ" လင်းယုကား ထမင်းပန်းကန်ကို ယူကာ လင်းယုတဲသို့ရောက်လာခဲ့သည်။ သို့သော်လည်း သူမြင်လိုက်ရသည်က လင်းယုကား သူ၏ သစ်သားအိပ်ရာထက်တွင် ဖြူဖျော့နေသော မျက်နှာဖြင့် ထိုင်နေခြင်းဖြစ်သည်။ သူမကား သစ်သားပြားတစ်ချပ်ကိုလည်းကိုင်ထားကာ ပွတ်နေသေးသည်။
"အစ်ကို စားဖို့အချိန်ရောက်ပြီလေ" လင်းယု လင်းဝမ်ယွဲ့ဘေးနားထိုင်လိုက်ကာ ပန်းကန်ကိုပေးလိုက်သည်။ လင်းယု သူမ၏ အတွေးများထဲမှ နိုးထလာခဲ့သည်။ လင်းယု၏ ဂရုစိုက်မှုကိုမြင်လျှင် သူမက ပြန်ပြုံးပြလိုက်ကာ " ကျေးဇူး ငါ့ခြေထောက်က အခုကောင်းလာပါပြီ မနက်ဖြန် လေ့ကျင့်ရေးကို လာခဲ့မယ်"
လင်းယု ခဏကြာတိတ်ဆိတ်သွားသည်။ သူ ပလုပ်ပလောင်းစားလိုက်ရင်း တိုးတိုးလေးဖြင့် " ခြေထောက်က ဒဏ်ရာက သေးသေးလေးလည်းဟုတ်သလို ကြီးလည်း ကြီးသွားနိုင်တယ်။ ဟွန်လူမျိုးတွေက ဒီတိုက်ပွဲပြီးနောက် လဝက်လောက်တော့ နားကြမှာပဲ။ အခုက ဆောင်းတွင်းလည်းမဟုတ်တော့ သူတို့တွေ ဆောင်းရာသီအတွက် ရိက္ခာ စုဆောင်းစရာလည်း မလိုသေးတော့ မြန်မြန်ကြီး ကျွန်တော်တို့ကို လာတိုက်ဦးမှာ မဟုတ်ဘူး။ ကြည့်ပါလား ကျွန်တော်တို့ရတဲ့ အသားတွေက သေးသွားပြန်ပြီလေ"
လင်းဝမ်ယွဲ့ လင်းယု၏ ဟာသကြောင့် ပြုံးမလိုပင် ဖြစ်သွားခဲ့သည်။ သူမပြုံးလိုသော်လည်း တကယ်တော့ သူမ မပြုံးနိုင်ခဲ့ပေ.......
လင်းဝမ်ယွဲ့ခေါင်းငုံ့လိုက်ကာ သူမလက်ထဲရှိ ပန်းကန်ကို စားချင်စိတ်မရှိဘဲ ကြည့်လိုက်မိသည်။ သူမ၏ ရာသီစက်ဝန်း ပထမဆုံးလာသည့်အချိန်က အန္တရာယ်ကား သူမအပေါ် ဖိအားများဖြစ်ပေါ်စေခဲ့သည်။ သူမ အသက် ၁၄ နှစ်ကတည်းက စစ်တပ်တွင် နာမည်စာရင်းပေးပြီးတည်းက သူမကား ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီး မိန်းကလေးတစ်ယောက်၏ အားနည်းမှုကို ဖာထေးနိုင်ရန်ကြိုးစားခဲ့သည်။ သို့သော်လည်း သူမကား သဘာဝအရ ရာသီစက်ဝန်းဖြစ်လာနိုင်သည်ကို လုံးဝမေ့လျော့နေခဲ့လေသည်။ ဤအရေးကား မိန်းကလေးတိုင်းအတွက် အဓိပ္ပာယ်ပြည့်ဝပြီး တန်ဖိုးရှိလေသည်။ သို့သော်လည်း....သူမကတော့...ထိုအဖြစ်ကြောင့် ခေါင်းဖြတ်ခံရရန် သီသီ လေးသာ လိုခဲ့သည်....
လင်းဝမ်ယွဲ့၏ ဖြူဖျော့နေသော ပုံနှင့် ပန်းကန်ကို အဓိပ္ပာယ်မဲ့စွာ ကိုင်ထားသည့်ပုံကို မြင်လျှင် လင်းယုသည်လည်း စိတ်မကောင်းဖြစ်ရသည်။ လင်းဝမ်ယွဲ့ အာရုံပြောင်းအောင် သူက " အစ်ကို့ လက်ထဲ စောစောက ကိုင်ထားတဲ့ သစ်သားပြားက ဘာကြီးလဲ" အစ်ကို အဲ့ဒါကို စစ်မြေပြင်ကိုတောင် ယူသွားတယ်ဆိုတော့"
ထိုသည်ကို ကြားသည့်အခါ လင်းဝမ်ယွဲ့ ပန်းကန်ကို ဘေးချလိုက်ပြီး အနောက်လှည့်လိုက်ကာ သူမနောက်ရှိ သစ်သားပြားကို ယူလိုက်ပြီး "မင်းပြောတာ ဒါလား"
"အင်း" လင်းယု လင်းဝမ်ယွဲ့လက်ထဲက သစ်သားပြားကို ကြည့်နေမိသည်။ ထိုသစ်သားပြားကား ထူးခြားသည့် ဟန်မရှိဘဲ ဒီအတိုင်း သစ်သားပြားတစ်ချပ်သာ ဖြစ်ကာ ထိုအပေါ်တွင်တော့ အမှတ်အသား တစ်ချို့ရှိနေသည်။
"ဒါက ဘာမှ မဟုတ်ပါဘူး။ ဒီအတိုင်း ငါ့ရွာက ယူလာတဲ့ သစ်သားပြားတစ်ချပ်ပါပဲ"
" အဲ့ဒါဆို အပေါ်က အမှတ်အသားတွေကရော"
"ဒါတွေလား..." လင်းဝမ်ယွဲ့ သူမနှုတ်ခမ်းထောင့်ကို တွန့်ချိုးလိုက်ပြီး သူမလက်များက သစ်သားပြားရှိ အမှတ်အသားတိုင်းကို ဖွဖွလေး တို့ထိလိုက်ပြီးနောက် " ဟွန်လူမျိုးတစ်ယောက်ကို သတ်ပြီးတိုင်း ဒီသစ်သားပြား မှာ အမှတ်အသားလုပ်ထားခဲ့တာ" ဟု တည်ငြိမ်စွာဖြေလိုက်သည်။
လင်းဝမ်ယွဲ့ရှင်းပြသည်ကို ကြားသည့်အခါ လင်းယု လင်းဝမ်ယွဲ့ကိုကြည့်လိုက်သည်။ ဆိုလိုရင်းကို သူသေချာ နားမလည်ပေ။
လင်းဝမ်ယွဲ့က လင်းယုကို အများကြီးဆက်မတွေးစေဘဲ ထပ်ရှင်းပြခဲ့သည်။ "ငါ‌ မေ့သွားမှာကို ကြောက်တာ။ တစ်နေ့မှာ ငါ့ခေါင်းကို ပြင်းပြင်းထန် ထန် ထိခိုက်သွားခဲ့ပြီး တစ်ခြားဟာတွေကို မမှတ်မိတော့ရင်တောင်မှ ငါဒါကိုတော့ မှတ်မိနေရမယ်။ အခုမှတော့ မင်းကို တစ်ခုတောင်းဆိုချင်တယ်။ တကယ်လို့ တစ်နေ့မှာ ဘယ်လို အခြေအနေမျိုးကြောင့်ဖြစ်ဖြစ် ငါသေခဲ့ရင် ဒီသစ်သားပြားကို ချန်ကျွင်းရွာလေးကိုယူသွားပြီး ရွာအဝင်မှာ ဒီသစ်သားပြားကို မီးရှို့ပြီး....ပြီး...ဖေးရှင်းက သူတတ်နိုင်တာ အကုန်လုပ်ခဲ့ပါတယ်လို့ပြောပေးပါ"
လင်းဝမ်ယွဲ့အသံကား တည်ငြိမ်နေပြီး သူမမျက်နှာမှာလည်း နူးညံ့နေသည်။ သို့သော်လည်း လင်းယုကား သူမအသံမှ အထီးကျန်မှုကို ခံစားနေရသည်။
" ကျွန်တော်ဂရုမစိုက်ဘူ။ တကယ်လို့ မီးရှို့ချင်ရင် အစ်ကို့ဖာသာရှို့။ ဘာလို့ ဒီလို စိတ်ဓါတ်ကျစရာတွေ ပြောနေတာလဲ။ အစ်ကို...ကျွန်တော်တို့ညီအစ်ကို နှစ်ယော်က အောင်မြင်မှုကို အတူတည်ဆောက်ကြမယ်လေ"
လင်းဝမ်ယွဲ့ လင်းယုစကားကို ကြားသည့်အခါ လှောင်ရယ်သံဖြင့်" ငါ့လို လူက ဘယ်လိုလုပ် အောင်မြင်မှုကို တည်ဆောက်နိုင်ပါ့မလဲ"
သို့သော်လည်း ထိုစကားများကား လင်းယုအတွက်တော့ တစ်ခြားအဓိပ္ပာယ်ကိုဆောင်လေသည်။ လင်းဝမ်ယွဲ့ ထိုသို့ပြောသည်ကိုမြင်သည့်အခါ လင်းယု သွယ်ဝိုက်ပြောမနေတော့ဘဲ သူ့ပန်းကန်ကိုချလိုက်ကာ လင်းဝမ်ယွဲ့ကို အရေးကြီးသည့်အမူအရာဖြင့် " အစ်ကို တကယ်တော့......ကျွန်တော် အစ်ကို့အကြောင်းအကုန်သိပြီးပါပြီ"
သစ်သားပြားကား လင်းဝမ်ယွဲ့လက်ထဲမှ လွတ်ကျသွားသည်။ အခုအချိန်တွင် လင်းဝမ်ယွဲ့ စိတ်မှာ ဗလာဖြစ်နေ သည်။ သူမ ခေါင်းဖြတ်ခံရတော့မှာလား။ သူမရဲ့ အဆုံးသတ်က ဒီလိုပဲရောက်လာတော့မှာလား။ ဒါပေမဲ့ အခုထိ သူသတ်ဖို့ ၆၀ လိုသေးတယ်လေ.....
လင်းဝမ်ယွဲ့ မျက်နှာ သွေးဆုတ်သွားသည်ကို မြင်လျှင် လင်းယုကား သူ့ထင်မြင်ချက်မှန်သည်ဆိုသည်ကို သိလိုက်သည်။ သူက "အစ်ကို... အစ်ကို့ ခန္ဓာကိုယ်က မျိုးဆက်ပြန့်ပွားနိုင်တဲ့အရာ ဒဏ်ရာရသွားပေမယ့် အစ်ကို ဒီလောက်ထိ စိတ်ဓါတ်ကျဖို့မလိုပါဘူး။ တိုက်ပွဲမှာ မသေဘဲရှင်သန်နိုင်တာကိုက ကံကောင်းနေပြီ မဟုတ်လား။ စောင့်နေပါ...ကျွန်တော် လက်ထပ်ပြီးတာနဲ့ အစ်ကိုအတွက် ဖက်တီးလေးတစ်ကောင် မွေးခိုင်းပေးမယ်။ သူ့ကို အစ်ကို မွေးစားနိုင်တယ်..စိတ်ချပါ အစ်ကို"
မျိုးဆက်ပြန့်ပွားနိုင်တဲ့အရာ? မွေးစားရမယ်? ဖက်တီးလေး......
လင်းဝမ်ယွဲ့ စိတ်အစဉ်ကား လျင်မြန်စွာ အလုပ်လုပ်နေသည်။ သူမ လင်းယုပြောချင်သည်ကို နားလည်သွားသည်။ ဒါဆို....ဒီလိုမျိုးပေါ့......
သူမ စိုးရိမ်စိတ်များ တစ်မူဟုတ်ခြင်းပျောက်ကွယ်သွားသည်။ သူမ အမူအရာသည်လည်း ပို၍နွေးထွေးလာသည်။ သူမ လင်းယု ပုခုံးကို ပုတ်လိုက်ကာ " ကောင်းပြီး ငါတို့ညီအစ်ကို ကောင်းကောင်း အသက်ရှင်သွားကြမယ်"
လင်းဝမ်ယွဲ့ စိတ်ဓါတ်ကျနေသည်များ ပျောက်သွားသည်ကို မြင်လိုက်ရသည့်အခါ လင်းယုလည်း ပျော်ရွှင်သွားသည်။ ညီအစ်ကို ဟူသော စကားလုံးနှစ်လုံးက အများကြီး တာသွားခဲ့သည်။ ထို့ထက်ပို၍ ပြောစရာ မလိုအပ်တော့ပေ။
စားသောက်ပြီးသွားသည်တွင် လင်းဝမ်ယွဲ့ကို ကောင်းကောင်းအနားယူရန် မှာပြီးနောက် လင်းယုပန်းကန်များ ကိုင်ကာ တဲထဲမှ ထွက်သွားခဲ့သည်။ လင်းဝမ်ယွဲ့ အိပ်ရာထက်တွင် လဲလျောင်းနေရင်း သက်ပြင်းမောတစ်ချက် ချလိုက်မိသည်။ ဘေးအန္တရာယ်မှ လွတ်မြောက်သွားသည့်အတွက် သူမ စိတ်သက်သာရာ ရသော်လည်း လျှို့ဝှက်ချက် ကြီးက အန္တရာယ်ရှိနေပေသေးသည်။ သူမ မပြုံးနိုင်ခဲ့ပေ။
လင်းဝမ်ယဲ့ သူမ အသက်၁၃ နှစ်က သူမအမေက မိန်းကလေးတို့၏ ရာသီစက်ဝန်းအကြောင်းပြောပြခဲ့သည်ကို အမှတ်ရမိသည်။ မိန်းကလေးတို့သည်ကား ပထမရာသီစက်ဝန်းလာပြီးသည်နှင့် အရွယ်ရောက်လာပြီဖြစ်ကာ လတိုင်းပင် ရာသီစက်ဝန်းက ရောက်လာမည်ဖြစ်သည်။ အခုတစ်ခေါက်တွင် သူမဖုံးကွယ်ထားလိုက်နိုင်သော်လည်း နောက်အခါများတွင်ရော.......
လင်းဝမ်ယွဲ့ သူမလက်ထဲရှိ သစ်သားပြားကိုကြည့်လိုက်မိသည်။ သူမ စိတ်အစဉ်ကား သူမရွာလေးတို့ တဖန်ရောက်သွားခဲ့ပြန်သည်.....
သူမ ထိုနေရာရှိ တောင်တန်း၊ ရေမြေနှင့် လူများဆီသို့ပြန်ရောက်သွားသည်။
ရွာလူကြီး ရန်ကား သူ့လူများကို သူ့ကလေးများကဲ့သို့ပင် ချစ်ခင်လေသည်။ လုံခြုံရေးခေါင်းဆောင် ကျန်းသည် သမာသမတ်ကျပြီး စည်းကမ်းကြီးသည်။ ဒေါ်ဒေါ်ဝူ၏ ပြောင်းဖူးမုန့်ကား မွှေးပျံ့ပြီး ချိုမြသည်။ ရွာအနောက်တွင် နေသော အားနျူကား ဖေးရှင်းကို အမြဲအနိုင်ကျင့်သည်။ သူမ အသက် ၈နှစ်တွင် ရွာသို့ ရုတ်တရက်ရောက်လာကာ အခြေချနေထိုင်သော ဆေးဆရာအိုကြီးကား ရွာသူရွာသားများ၏ ဆေးဖိုးကို ဘယ်အခါမှ လက်မခံခဲ့ပေ။ သူကား လေးစားမှုနှင့် ထိုက်တန်သော်လည်း သူက ငြင်းပယ်ကာ ရွာသားများကို သူ့အား ဆေးဆရာအိုကြီးဟုသာ ခေါ်စေ ခဲ့သည်။
ရုတ်တရက် အကြံဉာဏ်တစ်ချက်က လင်းဝမ်ယွဲ့ စိတ်ထဲတွင် ဝင်းလက်သွားသည်။ "အား....ကောင်မလေး.. ဒီဆေးပင်က ကလေးတွေ ဆော့ရမယ့်အရာ မဟုတ်ဘူး"
ဆေးဆရာအိုကြီးကား သူမကို အမြဲချစ်ခင်ပြီး သူမသည်လည်း သူ့ဆီသို့တစ်ချိန်လုံးသွားနေတတ်သည်။ ထို့နောက်တွင်တော့ သူကား သူမကို ဆေးပညာအကြောင်းများ နည်းနည်းစီစသင်ပေးကာ သူမသည်လည်း ဆေးပင်အနည်းငယ်ကို မှတ်မိလာသည်။
သူမအသက် ၁၄ နှစ်တွင်တော့ သာမန် ခေါင်းကိုက်ဖျားနာသော ရောဂါများကို ကုသနိုင်လာခဲ့သည်။ သူမ ထိုတစ်နေ့ကို မှတ်မိနေသေးသည်။ ထိုနေ့က ဆေးဆရာအိုကြီး၏ ဆေးထားသည့်အခန်းတွင် လုံးဝမည်းနက်နေ သော ဆေးပင်တစ်ပင်ကို တွေ့ခဲ့သည်။ သူမ ထိုဆေးပင်ကို ယူတော့မည့်အချိန်တွင် အမြဲတမ်း နူးညံ့ကြင်နာသော ဆေးဆရာအိုကြီးက ဒေါသအိုးပေါက်ကွဲကာ သူမလက်ထဲမှ ဆေးပင်ကို ဆွဲယူလိုက်ကာ သူမကို ပြင်းပြင်းထန်ထန် ဆူခဲ့သည်။
လင်းဝမ်ယွဲ့ စိတ်ဆိုးပြီး အော်ကြီးဟစ်ကျယ် ငိုခဲ့သည်။ ဆေးဆရာအိုကြီးက " ကောင်မလေး..မင်းက ဘယ်သူက မင်းအပေါ်ကောင်းလဲဆိုတာ မသိဘူးပဲ။ ဒီဆေးပင်က ယောင်းဝမ်ပန်းပွင့်လို့ခေါ်တယ်။ အပူဓါတ်ရှိတဲ့ ဆေးပင် အနည်းငယ်နဲ့ ပေါင်းစပ်လိုက်ပြီးရင်တော့ ဒါက ကူးစက်မှုကို ကုသတဲ့နေရာမှာ အသင့်လျော်ဆုံးဆေးပဲ။ ဒါပေမဲ့ သူ့တစ်မျိုးတည်းဆိုရင်တော့ ဆိုးကျိုးကိုပဲ ဖြစ်ပေါ်စေတယ်။ အထူးသဖြင့်တော့ မိန်းကလေးတွေ အတွက်ပဲ။ ယောင်းဝမ်ပန်းပွင့်က အရမ်းအေးတဲ့ သဘာဝရှိတယ်။ မတော်တစ်ဆမှုတစ်ခုတည်းနဲ့ မင်း အနာဂါတ်မှာ အမေ မဖြစ်နိုင်တော့လောက်အောင် ဆိုးတယ်။ ဒီအဖိုးကြီးက မင်းကို ကယ်ခဲ့တာကို မင်းက ဒီလိုမျိုး ငိုနေတယ်လား။ လာလာ မျက်ရည်သုတ်လိုက်...."
ဝေဝါးနေသော မှတ်ဉာဏ်များက ရှင်းလင်းလာခဲ့သည်။ လင်းဝမ်ယွဲ့ အိပ်ရာမှ ရုတ်တရက်ထလိုက်သည်။ "ယောင်းဝမ်ပန်းပွင့်"


(Note: ကဲ သာသာ ကတိအတိုင်း နှစ်ပိုင်းတင်ပေးပြီးပြီနော်။)

စစ်သူကြီးနှင့်မြင့်မြတ်သော သမီးတော် (Translation)Место, где живут истории. Откройте их для себя