လီမု၏ အမိန့်အရ တိုက်ပွဲမြေပြင်ကိုရှင်းလင်းလိုက်ကြပြီး ဆက်လက်ချီတက်ရန်ပြင်လိုက်ကြသည်။ နေမဝင်ခင် သူတို့ စခန်းချမည့်နေရာသို့ အရောက်ချီတက်ကြရမည် ဖြစ်သည်။
လင်းဝမ်ယွဲ့ သေသွားပြီဖြစ်သော ဟွန်လူမျိုးကိုယ်မှ သူ့လှံကို နုတ်ယူလိုက်သည်နှင့် အလောင်းကောင်ကြီးမှာ မြေပြင်သို့ ပြင်းထန်စွာပြုတ်ကျသွားသည်။
လင်းဝမ်ယွဲ့ အလောင်းကြီးကို ကန်လိုက်ပြီး အနားရှိ သွေးများလွှမ်းနေသော သစ်ပင်ကြီးရှိရာသို့ လျှောက်လာခဲ့သည်။ ထို့နောက် သူ့လှံချက်ကြောင့် အနာအဆာများဖြင့် ပြည့်နေသော ပင်စည်ကို ထိကြည့်နေမိ သည်။
ထိုအချိန်မှသာ လင်းဝမ်ယွဲ့အနည်းငယ်ထိတ်လန့်သွားမိသည်။ အကယ်၍ လင်းယုသာ အချိန်မှီ မရောက်ခဲ့ပါက သူသေနေလောက်ပြီဖြစ်သည်။
သူ့စိတ်ခံစားချက်များကားရှုပ်ထွေးနေမိသည်။
သူအသက်ရှင်နေသေးသဖြင့် စိတ်သက်သာရာ ရသကဲ့သို့ တစ်ဖက်တွင်လည်း သူသာသေသွားခဲ့လျှင် သူမ မိသားစုနှင့် မြန်မြန်တွေ့နိုင်ပြီဟုလည်း ထင်နေမိပြန်သည်။
ထိုသို့အတွေးနှစ်ခုက သူ့စိတ်ထဲတွင် လွန်ဆွဲနေခဲ့လေသည်။
"ဟေ့ ညီနောင်၊ ကျုပ်က တပ်ခွဲ ၂ က ဝမ်တလီ။
လင်းဝမ်ယွဲ့ သူမအတွေးထဲမှ တဖန်နိုးထလာရပြန်သည်။ သူမအနားတွင် ဘယ်အချိန်ကရောက်နေမှန်း မသိသော အားကောင်းမောင်းသန် လူကြီးတစ်ယောက်ရပ်နေသည်ကိုတွေ့လိုက်ရသည်။ ထိုသူကား ခြေလျင်တပ်သား ဝတ်စုံကို ဝတ်ဆင်ထားပြီး အတန်ငယ် အသက်ကြီးပုံပေါက်လေသည်။ ထူးခြားသည်က သူ့အဝတ်များက လုံးဝကို သန့်ရှင်းနေတာဖြစ်သည်။ ထို့အပြင် ထိုသူက သူမကို ပြုံးကာကြည့်နေသည်။
လင်းဝမ်ယွဲ့ ဟွန့် ဟု ငေါ့လိုက်ကာ ဝမ်တလီ၏ စိတ်အားထက်သန်စွာ မိတ်ဆက်မှုကို လျစ်လျူရှု၍ လှည့်ထွက် လိုက်သည်။
နေရာတွင် ကြောင်ကြောင်တောင်တောင်ဖြင့် မျက်နှာနီလျက် ကျန်ခဲ့သော ဝမ်တလီကို လင်းဝမ်ယွဲ့ တစ်ချက်တောင် ပြန်၍ စောင်းငဲ့မကြည့်ခဲ့ပေ။
စစ်မြေပြင်ရှင်းလင်းမှုကို လျင်လျင်မြန်မြန်ပင် လုပ်ဆောင်နေကြပြီး အပုံနှစ်ခုကိုတွေ့နိုင်လေသည်။
တစ်ပုံကား ဟွန်လူမျိုးတို့၏ အလောင်းပုံဖြစ်ပြီး တစ်ပုံကား လီနိုင်ငံတပ်သားတို့၏ ရုပ်အလောင်းပုံဖြစ်ပြီး ထိုနှစ်ပုံမှာ တောင်ငယ်လေး တစ်လုံး၏ အမြင့်လောက်ရှိပေသည်။
ထို အပုံနှစ်ခုကိုကြည့်နေရင်း လင်းဝမ်ယွဲ့တစ်ယောက် အတော်ခံစားလိုက်ရသည်။ လီနိုင်ငံတပ်သားများက ဒီစစ်ပွဲတွင် အသာစီးမရသည်က သေချာလေသည်။ အပုံနှစ်ခုမှာ ထပ်တူနီးပါး တူညီနေခဲ့သည်မဟုတ်ပါလား။
ထိုသည်ကိုတွေးမိသည့်အခါ လင်းဝမ်ယွဲ့ လှောင်ရယ် ရယ်လိုက်မိသည်။ ဤသို့ဖြစ်ရသည်မှာ ဤမျှ ကြီးကျယ်သော စစ်ပွဲတွင်ပင် အဝတ်များ သန့်ရှင်းနေသည့် ဝမ်တလီကဲ့သို့သော တပ်သားများကြောင့်ပင် ဖြစ်သည်။ တကယ့် စစ်သားကောင်းများက ရှေ့တန်းမှနေ၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြသော်လည်း နောက်ဆုံးတွင်တော့ လဲလျောင်းရာ အခေါင်းပင် မရနိုင်ခဲ့ပေ။ သို့သော်လည်း အောင်ပွဲ၏ အကျိုးအမြတ်ကိုတော့ ဝမ်တလီ ကဲ့သို့သော သူများက ရရှိသွားမည်ဖြစ်သည်။
ထောက်ပံ့ရေးတပ်သားများက အလောင်းများပေါ်ရှိ သွေးများဖြင့် ပေနေသော သစ်သားဖြင့် ပြုလုပ်ထားသည့် သက်သေခံအပြားများကို ဖြုတ်လိုက်ကြသည်။ သေနာပတိချုပ် လီမုက လက်ကိုဝှေ့ယမ်းလိုက်သည်တွင်တော့ နှစ်ဖက် စစ်သည်များ၏ အလောင်းများကို မီးရှို့လိုက်ကြတော့သည်။
ထို့နောက်တွင်တော့ စစ်တပ်ကား သတ်မှတ်နေရာသို့ ဆက်လက်ချီတက်ခဲ့လေသည်။ အနောက်တွင်တော့ မီးသဂြိုလ်ထားသောအလောင်းများမှ အနံ့များသာ.........
နောက်ဆုံးတွင်တော့ သတ်မှတ်ထားသည့်နေရာသို့ သူတို့တပ်ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုအခါတွင်မှ ထောက်ပံ့ရေး တပ်သားများက သွေးများစွန်းပေနေသော သက်သေခံအပြားများကို သန့်စင်ဆေးကြောပြီး စခန်းရှိ သတ်မှတ်နေရာတွင် သေချာချိတ်ဆွဲလိုက်ကြသည်။
လင်းဝမ်ယွဲ့ ထိုနေရာသို့ရောက်ရှိလာပြီး သက်သေခံအပြားများတွဲလောင်းချိတ်ထားသည်ကို ကြည့်နေမိသည်။ ထိုနာမည်ကဒ်ပြားများသည် တစ်ချိန်က လူတစ်ယောက် အသက်ရှင်နေထိုင်ခဲ့ဖူးသည်ကို ကိုယ်စားပြုလေသည်။
လေညှင်းတိုက်ခတ်သွားသည့်အခါ ထိုကဒ်ပြားများ အချင်းချင်းထိခတ်နေပြီး အသံများထွက်ပေါ်လာခဲ့သည်။
ထိုသက်သေခံအပြားများကား ဆိုင်ရာဒေသများသို့ သတ်မှတ်ထားသည့်အချိန်တွင် ပို့ဆောင်ခံရမည်ဖြစ်ပြီး လူစည်ကားသည့် သတ်မှတ်ထားသော နေရာတွင် ချိတ်ထားရမည်ဖြစ်သည်။ သို့မှသာ သက်ဆိုင်ရာ မိသားစုက ပြန်လည်ယူဆောင်သွားနိုင်မည် ဖြစ်လေသည်။
လင်းဝမ်ယွဲ့တွင်လည်း တစ်ခုရှိပြီး သစ်သားပြား၏ အရှေ့ဘက်တွင် တပ်စုနှင့် သူ့အမည်ကိုရေးထားပြီး အနောက်ဘက်တွင်တော့ ချန်ကျွင်းရွာဟု ရေးထိုးထားလေသည်။
လင်းဝမ်ယွဲ့ကား ချန်ကျွင်းရွာလေး၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်လေသည်။
ညနက်လာပြီး အရာအားလုံးက တိတ်ဆိတ်နေလေသည်။ လင်းဝမ်ယွဲ့တစ်ယောက် တဲမှ မကြာခဏခိုးထွက်ပြီး ကြယ်အပြည့်ရှိသော ကောင်းကင်ကိုငေးကြည့်ကာ တွေးနေမိသည့် အတွေးတစ်ခုရှိသည်။ ထိုသည်က အကယ်၍ သူလည်း တစ်နေ့ သက်သေခံပြားလေးသာ ကျန်ခဲ့သည့်နေ့ရောက်လာခဲ့ပြီး လူစည်ကားရာ သတ်မှတ်နေရာတွင် ချိတ်ဆွဲခံထား ရပါက....ပြန်ယူမယ့်သူမရှိသော သူ့သက်သေခံပြားလေးကို ကြည့်ပြီး လူတွေက သနားဂရုဏာ သက်ကြလေမလား ဟုပင်ဖြစ်သည်။
"အစ်ကို ကဒီရောက်နေတာကိုး ကျွန်တော်လိုက်ရှာတာ နှံ့နေပြေီ"
လင်းဝမ်ယွဲ့မြေပြင်တွင်ထိုင်ကာ သက်သေခံပြားများကိုငေးကြည့်နေသည်ကို လင်းယု သတိထားမိသွားသည်။ သူ သက်ပြင်းကို သာတိတ်တိတ်လေးချလိုက်မိသည်။ လင်းဖေးရှင်းကား စကားများများပြောလေ့မရှိဘဲ သူငယ်ချင်းလည်း မရှိပေမဲ့ သူ့အစ်ကိုကား သွေးအေးသူမဟုတ်သည်ကို သူသိသည်။
လင်းယုကား သေနာပတိချုပ် လီမုကို တွေ့ရန်အတွက် လင်းဝမ်ယွဲ့ကို လာခေါ်သော်လည်း လင်းဝမ်ယွဲ့၏ လက်ရှိအခြေအနေနှင့် ပြီးခဲ့တဲ့ တိုက်ပွဲအတွင်းက အခြေအနေကို ပြန်တွေးမိပြီး သေနာပတိချုပ်ကို တွေ့ရန်အစီအစဉ်ကို ခဏ ဖယ်ထားလိုက်တော့သည်။
လင်းယု လင်းဝမ်ယွဲ့ဘေးတွင် ထိုင်ချကာ အဖော်ပြုရင်း သက်သေခံပြားများကို တိတ်တဆိတ်ကြည့်နေမိသည်။
လေညင်းကာ သာသာတိုက်ခတ်နေပြီး သက်သေခံပြားများ တစ်ခုနှင့်တစ်ခုထိကာ အသံများထွက်နေဆဲဖြစ် သည်။ ထိုသည်ကို နားထောင်နေရင်း လင်းယုသည်လည်း စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
သူမနေနိုင်တော့ဘဲ.." အစ်ကို ကျွန်တော့် သက်သေခံပြားလည်း ဒီနေရာမှာ ချိတ်ဆွဲခံရမှာလား"
"မင်းဘာတွေ လျှောက်ပြောနေတာလဲ အဲ့လို ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး" လင်းဝမ်ယွဲ့ ခေါင်းခါရင်း ပြောလိုက်သည်။
"အစ်ကို တကယ်ပြောနေတာ။ တကယ်လို့ ကျွန်တော်သေခဲ့ရင် ဒီနေရာမှာ မချိတ်ပါနဲ့။ ကျွန်တော့်မိသားစုက စစ်မှုထမ်းမျိုးရိုးဖြစ်ပြီး ကျွန်တော့်အဖေက ခြေတစ်ဖက်ပဲရှိတော့တာ။ ကျွန်တော့် သက်သေခံပြားကို အဖေက အိမ်ကိုပြန်ယူသွားရမယ်ဆိုရင် ကျွန်တော် အဆင်ပြေမှာ မဟုတ်ဘူး"
"အဲ့လို ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူးလို့ ငါပြောနေတယ်"
သို့သော်လည်း လင်းယုကား ပြုံးလိုက်ပြီးဆက်ပြောနေသည်။ " အစ်ကို တကယ်လို့ အဲ့ဒီနေ့ရောက်လာခဲ့ရင် ကျွန်တော့် သက်သေခံပြားကို အစ်ကိုသိမ်းထားပေးပါ။ ပြီးတော့ ကျွန်တော့်အဖေဆီကို အစ်ကို ကိုယ်တိုင် သွားပေးနိုင်တဲ့နေ့ကိုစောင့်ပြီး သွားပေး ပေးပါ။ နောက်ပြီး ကျွန်တော်က လင်းမိသားစုကို အရှက်မရစေခဲ့ပါဘူးလို့ အဖေ့ကို ပြောပေးပါဗျာ"
လင်းယုက ထိုသို့ပြောလာသည့်အခါ လင်းဝမ်ယွဲ့ကလည်း " တကယ်လို့ တစ်နေ့ ငါ့သက်သေခံပြားလည်း ဒီနေရာမှာ ချိတ်ဆွဲခံရဖို့ဖြစ်လာပြီဆိုရင် မင်းငါ့သက်သေခံပြားနဲ့ ဟိုတစ်ခေါက်က မင်းကိုပြတဲ့ သစ်သားပြားကို ချန်ကျွင်းရွာကို ယူသွားပြီး မီးရှို့ပေးပါ။ ငါက မင်းထက်တောင်ပိုဆိုးသေးတယ်။ ငါ့တစ်ရွာလုံးသေသွားကြပြီမို့ မင်းသာသေရင် ငါ့သက်သေခံပြားကို လာယူမယ့်သူတောင်ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် ငါ့အသုဘကို လုပ်ပေးဖို့ မင်းအသက်ရှင်နေမှ ရမယ်"
" ဖတ် ဖတ် ဖတ်။ အစ်ကိုကတော့ စိတ်အားငယ်စရာတွေ ပြောပြီ။ ကျွန်တော်က စပြောတာကို တကယ်ကြီးမမှတ်ပါနဲ့။ အစ်ကိုရော ကျွန်တော်ရော ဘယ်သူမှ မသေဘူး။ ကျွန်တော်တို့ နှစ်ယောက်အတူ အောင်မြင်မှုတွေ ဖန်တီးကြမယ်။ ကျွန်တော်လက်ထပ်လို့ ကလေးရတဲ့အခါ ကျွန်တော့်သားကလည်း အစ်ကို့သားပဲ။ ကျွန်တော့်အဖေကလည်း အစ်ကို့အဖေပဲ။ လာပါဗျာ။ စစ်သေနာပတိချုပ်ကို သွားတွေ့ရအောင်"
လင်းယု လင်းဝမ်ယွဲ့ကို ဆွဲထူလိုက်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် အနောက်တွင် ပေနေသော ဖုန်များကို ခါကာ လီမု၏ တဲရှိရာသို့ လင်းဝမ်ယွဲ့နှင့်အတူ လျှောက်လာခဲ့လေသည်။
"သတင်းပို့ပါတယ် ရိစခန်း တပ်ခွဲ ၃ မှ ခြေလျင်တပ်သား လင်းဖေးရှင်း စစ်သေနာပတိချုပ်ကို တွေ့ခွင့်တောင်းပါတယ်"
"သတင်းပို့ပါတယ် ရိစခန်း တပ်ခွဲ ၄ မှ ခြေလျင်တပ်သား လင်းယု စစ်သေနာပတိချုပ်ကို တွေ့ခွင့်တောင်းပါတယ်"
"ဝင်လာခဲ့ပါ" လီမုကား သူတို့နှစ်ယောက်ကို စောင့်နေခဲ့တာဖြစ်သည်။
လင်းဝမ်ယွဲ့နှင့် လင်းယုနှစ်ယောက် တဲကြီးထဲသို့ အတူလျှောက်သွားလိုက်ကြပြီး လီမုရှေ့ခပ်လှမ်းလှမ်းတွင် စိတ်လှုပ်ရှားစွာ ရပ်လိုက်ကြသည်။ လီမု ထိုနှစ်ယောက်ကို သေချာလေ့လာလိုက်ပြီး ထိုကလေးနှစ်ယောက်မှာ အလွန်ငယ်သေးသည်ကို တွေ့လိုက်ရသည့်အခါ စိတ်မကောင်းကြီးစွာဖြင့် သက်ပြင်းသာ ချလိုက်မိလေသည်။
" ကျုပ်မင်းကို အရင်က တွေ့ခဲ့ဖူးသလား" လီမုက လင်းဝမ်ယွဲ့ကို ကြည့်ကာမေးလိုက်သည်။
ထိုသည်ကိုကြားသည့်အခါ လင်းဝမ်ယွဲ့ ရိုသေစွာဒူးထောက်လိုက်ရင်း " လင်းဖေးရှင်း စစ်သေနာပတိချုပ်ကို ကျေးဇူးတင်ပါတယ်။ နိမ့်ကျတဲ့ ကျွန်တော်မျိုးက စစ်မှုထမ်းမျိုးရိုးမဟုတ်ဘဲ သေနာပတိရဲ့ ခွင့်ပြုချက်ကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်က စစ်မှုထမ်းခွင့် ရခဲ့တဲ့ သူပါ။ ကျွန်တော်မျိုးကို ဘဝအသစ်ပေးခဲ့တဲ့အတွက် သေနာပတိကို ကျေးဇူးတင်ပါတယ်"
ဒူးထောက်လျက်ပြောနေသော ထိုပိန်ပိန်ပါးပါးနေလောင်သည့်အသားအရည်နှင့် ကောင်လေးကိုကြည့်ရင်း လီမု ရုတ်တရက် သတိရမိသွားခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်က ထိုအဖြစ်အပျက်ရှိခဲ့သည်ပဲ။ ချန်ကျွင်းရွာမှ ချစ်စဖွယ် မိဘမဲ့ကလေးတစ်ယောက် စစ်မှုထမ်းခွင့်ရရန်ကြိုးစားခဲ့သည်။ ထိုသို့သော အဖြစ်အပျက်များက မကြာခဏ ဖြစ်တတ်သည်ကြောင့် လီမှု အများကြီးမစဉ်းစားဘဲ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မိဘမဲ့ကလေး တစ်ယောက် အဖို့အပြင်တွင်နေသည်က အန္တရာယ်များသည်မဟုတ်လော။ သို့သော်လည်း လီမု မမျှော်လင့် မိသည်က နှစ်နှစ်ကြာပြီးသည်တွင် ထိုကလေးငယ်ကား စစ်ပွဲတွင် အသက်ရှင်နေနိုင်သည်သာမကဘဲ ၃၂ ကျင်ရှိလေးကို တင်နိုင်ခြင်းကိုပင် ဖြစ်သည်။
လီမု သူ့ရင်ဘတ်နားထိရောက်နေသော မုတ်ဆိတ်ကို သပ်လိုက်ရင်း လင်းဝမ်ယွဲ့ကို ကျေနပ်စွာကြည့်နေမိ သော်လည်း တင်းမာချင်ဟန်ဆောင်၍ " လင်းဖေးရှင်း မင်းကျူးလွန်တဲ့ အပြစ်ကို သိလား" ဟုပြောလိုက်သည်။(Note: သာသာလောလောဆယ်တော့ ဆက်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လီမုက ဘာလို့ လင်းဖေးရှင်း အပြစ်ကျူးလွန်တယ်လို့ ပြောတာပါလိမ့်။ လင်းဝမ်ယွဲ့ကရော ဘယ်လိုများ ပြန်ဖြေမလဲ....)
ESTÁS LEYENDO
စစ်သူကြီးနှင့်မြင့်မြတ်သော သမီးတော် (Translation)
Ficción históricaမိသားစုနှင့် ၁၁၈ ယောက်သော ရွာသားတို့၏ အသက်သွေးကြွေးအတွက် ကလဲ့စားချေနိုင်ရန် အမွှာ မောင်လေး၏ နာမည်ကိုယူကာ ယောက်ျားလေးဟန်ဆောင်ကာ စစ်ထဲဝင်ပြီး ဟွန်လူမျိုးမှန်သမျှ သတ်ရန် ကျိန်ဆိုထားသည့် မိန်းကလေး မိဖုရားခေါင်ကြီး ကံတော်ကုန်ပြီးနောက် အသက် ၁၆ နှစ်ရွယ် သမ...