လီနိုင်ငံ၏ မြို့တော်ဖြစ်သော ထျန်းတုမြို့တော်အတွင်းရှိ နန်းမြို့အရှေ့ဘက်တွင်ရှိသော ခမ်းနားထည်ဝါလှသည့် နန်းဆောင်တွင် နန်းတွင်းသူများနှင့် မိန်းမစိုးများ ပျားပန်းခတ် လှုပ်ရှားနေကြသော်လည်း အသက်အသံပင် မထွက်ကြချေ။ လှုပ်ရှားမှုတိုင်းက သတိအနေအထားဖြင့် ရှိနေကြပြီး တစ်ခုခုကို အလွန်အမင်း စိုးရိမ်နေကြပုံ ဖြစ်သည်။
" ရှန်းအာ နေခဲ့ပြီး ကျန်တဲ့သူတွေ အကုန် ထွက်သွားနိုင်ပြီ"
"အမိန့်တော် အတိုင်းပါ"
အနုစိပ်လက်ရာများဖြင့် ထွင်းထုထားသော ကျယ်ပြန့်လှသည့် ကုတင်ထက်တွင်တော့ အမျိုးသမီး တစ်ယောက် လဲလျောင်းနေပြီး အသက်ရှူသံမှာလည်း အားရဖွယ်မရှိလှပေ။ စောစောက အမိန့်သံကား ထိုအမျိုးသမီးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူမအသံက တိုးလျနေသော်လည်း ထိုအမိန့်ကို ကြားရသည့် မည်သူမဆို မနာခံဘဲ မနေရဲအောင်ပင် သြဇာသံပြည့်ဝနေသည်။
"မယ်တော်..."
" ရှန်းအာ .. လာ မယ်တော့်အနားလာထိုင်။ မယ်တော် သမီးတော်ကို သေချာကြည့်ပါရစေ"
"ကုတင်ထက်တွင် လဲလျောင်းနေသည်က လီနိုင်ငံ၏ မိခင်ဟုဆိုရမည်ဖြစ်သော မိဖုရားခေါင်ကြီး လီချင်းချန် ပင်ဖြစ်သည်။ ယခုအချိန်တွင် သူမမှာ အားနည်းနေပုံရပြီး ညှိုးလျလျဖြစ်နေသော်လည်း တစ်ချက်ကြည့်ရုံမျှဖြင့်ပင် သူမမည်မျှ သန်မာထက်မြက်ခဲ့သည်ကို သိနိုင်လေသည်။ လွန်ခဲ့သော အနှစ် ၂၀ ခန့်က လီနိုင်ငံ၏ အလှထိပ်ခေါင် ဖြစ်ခဲ့သောသူမ၏ တော်ဝင်ဆန်မှုကို မည်သူမျှ မထီလေးစား မပြုရဲကြပေ။ အနှစ် ၂၀ ကုန်လွန်ခဲ့ပြီ ဖြစ်သော်လည်း တိုင်းပြည်ကိုပင် ပျက်စေနိုင်လောက်သော အလှရှင်ဖြစ်ခဲ့ကြောင်းကို လက်ရှိ သူမ၏ မျက်နှာကို ကြည့်၍ တွေးသိနိုင်လေသည်။
မိဖုရားခေါင်ကြီး ဘေးနားတွင် လီရှန်း တိတ်တဆိတ်ပဲ ထိုင်နေခဲ့သည်။ တဖြည်းဖြည်း ပိန်လှီလာသော သူမ မယ်တော်ကို ကြည့်ရင်း သူမမျက်ဝန်းတွင် မျက်ရည်များ တွဲခိုလာခဲ့ပြီး ပါးပြင်တွင် ရွှေမျက်ရည်များ ခကုန် လေသည်။
ESTÁS LEYENDO
စစ်သူကြီးနှင့်မြင့်မြတ်သော သမီးတော် (Translation)
Ficción históricaမိသားစုနှင့် ၁၁၈ ယောက်သော ရွာသားတို့၏ အသက်သွေးကြွေးအတွက် ကလဲ့စားချေနိုင်ရန် အမွှာ မောင်လေး၏ နာမည်ကိုယူကာ ယောက်ျားလေးဟန်ဆောင်ကာ စစ်ထဲဝင်ပြီး ဟွန်လူမျိုးမှန်သမျှ သတ်ရန် ကျိန်ဆိုထားသည့် မိန်းကလေး မိဖုရားခေါင်ကြီး ကံတော်ကုန်ပြီးနောက် အသက် ၁၆ နှစ်ရွယ် သမ...