အပိုင်း ( ၁၂ )
မြူတွေ အုံ့ဆိုင်းနေပါသော ထင်းရှုးခြံ။ ခြံ၏ အကျယ်အဝန်းက ၅ဧကမျှရှိသည့်အတွက် တစ်နေရာနဲ့ တစ်နေရာ သွားဖို့ ဝေးကွာလှသည်။
စိုက်ခင်းများနဲ့ လှပနေသော ထင်းရှုးခြံ၏ အလှတရားထဲတွင် ရေတံခွန် နဲ့ တောင်ကုန်းလေးကိုလည်း ဖယ်ချန်ထား၍မရပေ။
သို့ပေမဲ့ တောင်ကုန်းဘက်ကိုတော့ လူသွားလူလာ ကန့်သတ်ထား၏ ။အချိန်ကာလအားဖြင့် နွေဦးတို့စတင်သည့်အချိန်ဖြစ်သည်။ ပြင်ဉီးလွင်မြို့ရဲ့ ရာသီဉတုက ကြိုတင်ခန့်မှန်းလို့ရပေ။ နွေဉီးဆိုသော်ငြားလည်း မိုးကမပျက်ပေ ။မိုးကောင်းသော နေရာဖြစ်သည့်အတွက် ခြံအတွင်း ပေါင်းပင်များ ဖယ်ရှားဖို့ လိုလာပြီဖြစ်သည်။
' ဒီအိမ်ကြီးကလည်း အမြဲတံခါးပိတ်ထားတယ် လူနေရဲ့လား မသိဘူးနော် ´
နှစ်ထပ်တိုက်အပြာရောင် အိမ်က ခြံကြီး၏ အလယ်မှာ လှပစွာရှိနေသော်လည်း တံခါးများပိတ်ထားသဖြင့် အလှပျက်နေသည်ကို အေးပုံ့၏စိတ်ထဲ နှမြောတသ စွာ ဖြစ်လာ၍နှုတ်က လွှတ်ခနဲ ရေရွတ်မိ၏ ။
' အလုပ်သာလုပ်စမ်းပါ အေးပုံ့ရယ် အလုပ်ရှင်က စပ်စုတာမကြိုက်ဘူးလို့ ပြောတားတယ်လေ ´
လုပ်သားခေါင်းဆောင်၏ သတိပေးသံကြောင့် အေးပုံ့၏ ခေါင်းလေးပုသွားသည်။ သို့သော် နှုတ်က မငြိမ် တုန့်ပြန်မိလိုက်သည်။' ကျွန်မကသိချင်လို့ မေးမိတာပါရှင် ´
စိုက်ခင်းကို ပေါင်းသင်ဖို့ ခေါ်ထားသော လုပ်သားတို့၏ တီးတိုးဝေဖန်သံများက ဆူညံ့စွာထွက်ပေါ်လာသည်။
' ဒီအိမ်ကြီးမှာ ကလေးတစ်ယောက်လည်းရှိသေးတယ် ရွာမှာကျောင်းလာအပ်ထားပြီး ကျောင်းတက်တာလည်း မရှိဘူးတဲ့ ၊ နေမကောင်းဖြစ်လို့များလားနော် ´
နောက်ထပ်တစ်ယောက်ကပြောသော စကားကို တဖွဲ့လုံး စိတ်ဝင်စားကာ နားစွင့်နေကြသည်။
တစ်ယောက်တစ်မျိုး ပြောကြရင်း အသံတို့က လိုအပ်သည်ထက် ပို၍ ကျယ်လာသည်။ထိုအချိန်မှာ အိမ်ကြီးထဲမှ ဒေါ်ကြီးထွက်လာခဲ့သည်။
' စကားများမနေနဲ့ အလုပ်ကို သေချာလုပ်ကြ ၊
လုပ်အားငွေကို အချောင်ယူဖို့ မစဥ္းစားကြနဲ့ ´
YOU ARE READING
Romanceနေမင်းကြီးလို မတောက်ပချင်နေပါ ကြယ်လေးလောက်တော့ လင်းလက်ခွင့်ပြုပါ