(unicode)
ဆောင်းရာသီ...။
အဲဒီနေ့က နှင်းတွေ ငိုသည်...။"Jay!"
စူးနစ်စွာ ပေါ်ထွက်လာသည့် အော်သံရင့်ရင့်က နာမည်တစ်လုံးတည်းပေမယ့် သူတို့တစ်ဖွဲ့လုံးကို သတိအနေအထားရောက်သွားစေသည်အထိ အာဏာပြင်းရှ၏။ အသံပိုင်ရှင်ကိုမူ လှည့်၍ကြည့်စရာပင်မလို။ သူတို့ထဲတွင် ဩဇာအရှိဆုံးဖြစ်သည့် Jay အား ခပ်ထန်ထန်ဟစ်နိုင်သူသည် ဤကမ္ဘာတွင် တစ်ဦးတည်း။
Blood...။ နီသည်။ ရဲသည်။ အရိုင်းဆန်သည်။
ဘယ်ဘက်ရင်အုံတည့်တည့်ပေါ်က အိတ်ကပ်ထဲတွင် နှင်းဆီနီတစ်ပွင့် စိုက်ထူလို့၊ အနောက်တိုင်းဝတ်စုံကို ကျော့ရှင်းစွာ ဆင်မြန်းထားသည့်အပြင် ဆံပင်ကိုပါ ဂျယ်ဖြင့် သပ်သပ်ရပ်ရပ် လှန်တင်ထားသည့် Blood က စောနလေးတင်မှ ကပွဲတစ်ပွဲ ဆင်နွှဲလာသည့်ပုံ။
သာမန်နှင်းဆီနံ့မဟုတ်ဘဲ ဘာမှန်းမသိသည့် ရီဝေဝေအနံ့တစ်မျိုး ရောနှောနေသည့် နှင်းဆီနီကို Blood တစ်ယောက် ဆွဲဖယ်လိုခြင်း အလျဉ်းမရှိ။ တော်ရုံအလှလောက်နှင့် မထကြွတတ်သည့် သူ့အသွေးအသားတွေဟာ တစ်စုံတစ်ရာ၏ အကူအညီလိုအပ်မြဲ။ artificial ရောလို့ နည်းနည်းအောက်ကောင်း အောက်ပေမယ့် နတ်ပြည်အထိ ဆွဲခေါ်သွားနိုင်သည့် ညကြမ်းတွေကို Blood စောက်ရမ်းသဘောခွေ့သည်။
"Blood အတွက် သီးသန့်" ဟုဆိုကာ နှင်းဆီနီအား သူ့အိတ်ကပ်ထဲ လက်ရဲဆက်ရဲ ထည့်ချလိုက်သည့် ကိုရီးယားမလေးကိုကြည့်ကာ အားရပါးရ ပြုံးမိလျက်သား။ များသောအားဖြင့် အာရှသူလေးတွေသည် မြုံစိမြုံစိနှင့် ဟိုဟာလိုလို ဒီဟာလိုလို အရှက်အကြောက် သိပ်ကြီးကြသည်။ သူ့အရှေ့က ကင်မ်ချီမလေးဟာတော့ အများနှင့်မတူ၊ တစ်မူးထူးလို့။
ကြိုက်သည်။ ဒီလိုမျိုး လက်ရဲဆက်ရဲတွေကို Blood အားကြီးနှစ်ခြိုက်သည်။
Blood လက်ကမ်းပေးတော့ မဒီပျိုလေးသည် အလိုက်တသိ ပြန်ဆုပ်၏။ ယဉ်ကျေးမှုဖြင့် ပါးကိုနမ်းတော့ အို၊ လေပြွန်တစ်လျှောက် ဝေါခနဲ ဆင်းချလာသည့် မိတ်ကပ်မှုန့်တွေ။ ချောင်းမဆိုးမိအောင် အသက်ကို မနည်းအောင့်လို့ လူကြီးလူကောင်းပီပီ စိတ်ထဲကနေသာ အဟွတ်အဟွတ်လိုက်ရသည်။

YOU ARE READING
Blood of MIN
Acción"A Submissive is so often a strong person looking for someone stronger. He is not weak. He just enjoys it." -Anonymous ❗️This story is written in Myanmar❗️