[Zawgyi]
လျှို့ဝှက်လေသော လိပ်ပြာ 🦋🦋အပိုင်း (၂)
နံနက်ခင်း အလင်းရောင်ခြည်က မှန်ချပ်မရှိတော့တဲ့ ပြတင်းပေါက်မှတဆင့် သတိုးမျက်နှာထက်သို့ ဖြာကျလို့လာချေပြီ။
အချိန်ပိုင်းမျှသာ မှေးခနဲအိပ်စက်လိုက်ရတာမို့ အိပ်ရေးမဝသေးပေမယ့် ယနေ့က သတိုး အထောက်တော် ရာထူးတာဝန် စတင်ထမ်းဆောင်ရမည့် ပထမဆုံးအလုပ်ဆင်းရက်ဖြစ်သဖြင့် အိတ်ဆောင်နာရီကို တချက်ကြည့်ပြီးလျှင် ပြင်ဆင်စရာရှိသည်တို့ကို အလျှင်အမြန်ဆောင်ရွက်လိုက်သည်။
သတိုး နိုးလာကတည်းက နောင်ရိုးကို စံအိမ်ကြီးထဲတွင် မမြင်တွေ့ရ။
" နောင်ရိုး... ကိုကိုကြီး အလုပ်သွားပြီနော်..."
ညီလေး ဘယ်နေရာသို့ ရောက်ရှိနေမှန်း မသိသော်ငြားလည်း နောင်ရိုးကို နှုတ်ဆက်စကားဆိုပြီးလျှင် ပင်နီချည်လွယ်အိတ်ကို ညာဘက်ပခုံးထက် လွယ်လျက် မဟော်ရာစံအိမ်မှ ခြံဝန်းထဲသို့ ထွက်ခဲ့လိုက်ဧ။်။
မနေ့ညက သတိုးကြောင့် ကွဲအက်သွားသော ပြတင်းမှန်အကျိုးအပဲ့တချို့က မြက်ပင်အခြောက်များကြားတွင် ဟိုတစ်စ ဒီတစဖြင့်။ ထိုမှန်ကွဲစများပေါ်တွင် အနီရောင်အစက်အပြောက်များ စွန်းထင်းနေသည်ကို သတိုး တွေ့လိုက်ရသောအခါ...
" ဒီအစက်အပြောက်တွေက အစကတည်းက ရှိနေတာလား ငါ ညက သတိမထားမိပါဘူး... "
သတိုး တီတိုးရေရွတ်နေမိစဉ် ရွာထိပ်က စည်တော်ကြီးဆီမှ စည်တီးသံ ခုနှစ်ချက်တိတိကို ကြားလိုက်ရတာကြောင့် သတိုး ယခုကိစ္စကို နောက်မှ ဆက်တွေးရန် ဆုံးဖြတ်လိုက်ပြီး သစ်ခြောက်ပင်အိုနှင့် မြက်ပင်ရှည်တွေကြား မြန်မြန်ဆန်ဆန် ဖြတ်သန်းလိုက်တော့ဧ။်။
ခြံစည်းရိုး အပြင်သို့ ရောက်နေပြီဖြစ်သော သတိုးတစ်ယောက် မဟော်ရာစံအိမ်ကြီးကို မနက်ခင်းအချိန်အခါ၌ လည်ပြန်လှည့်ကြည့်မိချိန်တွင် ခံစားရသော ခံစားချက်က မနေ့ညကနဲ့သိပ်မတူတော့ပေ။ ခြောက်ခြားစရာကောင်းသောစံအိမ်အိုကြီးဆိုတာထက် အထီးကျန်ဆန်ဆန်ခံစားချက်ကိုသာ ပေးစွမ်းလို့နေလေသည်။