[Zawgyi]
#လျှို့ဝှက်လေသောလိပ်ပြာ 🦋အပိုင်း (၁၀)
သတိုးနဲ့ ကိုတင်ဖေတို့ မဟူရာအမည်ရှိ ကြောင်နက်ကိစ္စကို ဆွေးနွေးကြပြီးနောက် မရေရာသော အတွေးပေါင်း များစွာကသာ သတိုး၏ စိတ်အစဉ်တွင် ကျန်ရစ်ခဲ့လေပြန်သည်။
ထို့နောက်တွင် သတိုးလည်း များပြားလှသောအလုပ်တာဝန်များကြောင့် မအားမလပ်တဲ့ တနေ့တာကို ဖြတ်သန်းပြီးချိန်၌ နေပင်အတော်စောင်းလုပြီမို့...
" ကိုတင်ဖေ... ဒီနေ့တော့ ကျွန်တော် စောပြန်နှင့်မယ်ဗျာ..."
ကိုတင်ဖေအဖို့ ဘယ်နှကြိမ်မြောက်မှန်း မရေတွက်နိုင်သော ကွမ်းတစ်ရာကို ပါးစောင်ထဲ ထည့်ကာ တမြုံ့မြုံ့ဝါးရင်း....
" အေးကွာ... မင်းလည်း စိတ်ရှုပ်နေရောပေါ့... ဒါနဲ့ မဟူရာက မင်းကို အန္တရာယ်ပြုမဲ့ စိတ်ကူးရှိပုံမပေါ်ရင်တော့ သူ့ဘာသာ လွတ်လွတ်လပ်လပ်နေပါစေ... ခြံတံခါးဝမှာတော့ *ကြောင်ကိုက်တတ်သည်* လို့ ရေးပြီး ချိတ်ဆွဲထားရင် ထား..."
်" ဟာ ကိုတင်ဖေရာ... * ခွေးကိုက်တတ်သည် * ရေးရင်တောင် လူစိမ်းတွေကို ခြံထဲမဝင်အောင် ခြောက်လှန့်လို့ရအုံးမယ်... ဘာလဲ *ကြောင်ကိုက်တတ်သည်* ဆိုတာကြီးက... လူဟားစရာ ဖြစ်နေပါ့မယ်..."
ကိုတင်ဖေက ကွမ်းချိုးတက်နေတဲ့ သွားတွေပေါ်အောင် ရယ်သွေးလျက်...
" ဟဲဟဲ... ကိုယ့်လူက အမှန်ပြောတာ သိပ်ကြိုက်သူမို့ အမှန်အတိုင်းရေးမလားလို့ ထမင်စမ်းသပ်ကြည့်တာပါကွ "
ကိုတင်ဖေကတော့ ဘာရယ်မဟုတ် ဒီအတိုင်း ရယ်စရာအနေနဲ့ စကားဆိုလိုက်ပေမယ့် သတိုးဆိုက်ခေါင်မှာတော့ အနာပေါ်တုတ်ကျသွားသလို သူဖုံးကွယ်ထားရတဲ့ နောင်ရိုးကိစ္စကြောင့် ကိုယ့်ကိုယ်ကို မလုံမလဲ ဖြစ်ရသေးသည်။
မချိတင်ကဲ အပြုံးတစ်ပွင့်သာ ပြန်လည် တုံ့ပြန်လိုက်ပြီး ကိုတင်ဖေကို နှုတ်ဆက်စကားဆိုပြီးသည်နှင့် ထိုနေရာမှ လေလိုအဟုန်ဖြင့် ထွက်ခွာခဲ့မိတော့၏။
ညီငယ်နောင်ရိုးနဲ့ ပတ်သက်သော ကိစ္စအဝဝအား သူ့ဘက်က ဖုံးကွယ်မထားချင်ပေမယ့် လူသိခံ၍လည်း အဆင်မပြေသော အနေအထားမျိုး မဟုတ်ပေလား...