[Zawgyi]
#လျှို့ဝှက်လေသောလိပ်ပြာ 🦋အပိုင်း (၈)
မိခင်မဟုတ်သော တခြားသူတစ်ဦးထံမှ တင်းတင်းကြပ်ကြပ်ဖက်ထားခံရတဲ့ အနေအထားက ဇိုက်အတွက် အထူးအဆန်းဖြစ်နေရတာ အမှန်ပေ။
" အနက်ရောင်အကောင်တွေ... ဆိုက်ခေါင် "
" လိပ်ပြာနက်တွေပါ... ကြည့်ကြည့်လိုက်... ဇိုက်ကို အန္တရာယ်မပေးပါဘူး... "
ဆိုက်ခေါင်က သူ့လက်တွေကို အသာဖြေလျော့လိုက်သဖြင့် ဇိုက်လည်း ဆိုက်ခေါင်ရင်ခွင်ထဲမှ အနောက်သို့ပြန်ဆုတ်ခွာလျက် ပြတင်းပေါက်ဆီသို့ အနည်းငယ် စိုးရိမ်သေးသော စိတ်တို့နဲ့ မဝံ့မရဲ လှမ်းကြည့်မိရာ...
အနက်ရောင်အဆင်းဖြင့် ပုံသဏ္ဍာန်မျိုးစုံရှိသော လိပ်ပြာနက်များစွာက ပြတင်းအပြင်ဘက်တွင် အံသြစရာကောင်းစွာ လူးလာပျံဝဲလို့နေကြဧ။်။
ယခုလိုမြင်တွေ့ရလေတော့လည်း ထိုလိပ်ပြာတွေက ဇိုက်ထံတန်းတန်းမတ်မတ်ကြီး ပျံသန်းကာ အန္တရာယ်ပြုမည့်ဟန်မရှိလေဘဲ မှိုင်းညို့ညို့မိုးသား ကောင်းကင်ကို နောက်ခံထားလျက် ကဗျာဆန်ဆန် ပျံသန်းနေကြသည့်နှယ်။
မိမိနှင့် ဆိုက်ခေါင်မှာ အလွန်နီးကပ်စွာ တည်ရှိနေသောအနေအထားကြောင့် ဇိုက်ရဲ့ မျက်နှာက ဆိုက်ခေါင်ရဲ့ ရင်အုံနဲ့ တည့်တည့်ဖြစ်နေလေ၍ ခေါင်းကိုအသာမော့လိုက်ပြီး...
" ဆိုက်ခေါင်... ခင်ဗျား အခုနက ဘယ်ရောက်နေတာလဲ... လုပ်အားခပေးရမဲ့အတူတူ ကျွန်တော် တစ်ယောက်တည်းလုပ်ချေဆိုပြီး ထားရစ်ခဲ့တာလား... "
လိပ်ပြာနက်တွေအပေါ် ကြောက်စိတ်မရှိတော့မှ ဆိုက်ခေါင်ကို ရန်တွေ့ဖို့ သတိဝင်လာလေသည်။
ဆိုက်ခေါင်က ထူးဆန်းတဲ့အပြုံးကိုဆောင်လျက် ဇိုက်ရဲ့ သေးသွယ်တဲ့ ပခုံးနှစ်ဖက်ကို အသာဆုပ်ကိုင်လာရင်း...
" တစ်ယောက်တည်း ထားရစ်ခဲ့စရာလား... မင်းကို အဝေးကနေ အမြဲစောင့်ကြည့်နေတာပါ... "
ဆိုက်ခေါင်ပုံစံက အရင်နဲ့သိပ်မတူလှပေ။ မိမိ သိကျွမ်းထားသော သတိုးဆိုက်ခေါင်မှ ဟုတ်လေစဟု သံသယဝင်လာမိသည်အထိ။