[Unicode]
#လျှို့ဝှက်လေသောလိပ်ပြာ 🦋အပိုင်း (၉)
မဟော်ရာစံအိမ်၏ ခြံဝန်းတံခါးကို သတိုး အားဖြင့်တွန်းဖွင့်လိုက်ပြီးနောက် မြက်ပင်ရှည်များကြား လှုပ်ရှားနေတဲ့ အရိပ်တစ်ခုထံသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းသွားလိုက်၏။
" နောင်ရိုး... "
တစ်စုံတစ်ရာနဲ့အတူ ဆော့ကစားနေဟန်ပေါ်သော နောင်ရိုးက ဒေါသမြောင်းမြောင်းထွက်ပြူနေတဲ့ သတိုးကို ပြန်လည်လှမ်းကြည့်ရင်း...
" ဇိုက် ပြန်သွားပြီလား "
" မင်းပါးစပ်ကနေ သူ့နာမည်ကို မခေါ်စမ်းနဲ့... ဇိုက်ကို ဘာလို့် နာကျင်အောင်လုပ်လိုက်ရတာလဲ... ငါ မင်းကို တောင်းဆိုထားပြီးသား... ဇိုက်ဆိုတဲ့ ကောင်လေးကိုတော့ မင်းသွားမထိပါနဲ့ကွာ... "
" ငါက ဘယ်တုန်းကများ မင်းတောင်းဆိုတာကို လက်ခံပါ့မယ်လို့ ကတိပေးဖူးလို့လဲ... နောက်ပြီး ဇိုက်က မင်းအပိုင်မဟုတ်ဘူး... "
" နောင်ရိုး... ဇိုက်က ဘယ်သူ့အပိုင်မှမဟုတ်မှန်း ငါသိတယ်... မင်း သူ့ကို နာကျင်အောင်ထပ်လုပ်ရင် ငါ မင်းကို... "
နောင်ရိုးရဲ့ စူးရှရှအကြည့်ကြောင့် သတိုး ဆက်ပြောမည့်စကားတို့ကို တိခနဲ ရပ်တန့်လိုက်မိတော့ နောင်ရိုးက...
" ဇိုက်ကို နာကျင်အောင်ထပ်လုပ်ရင် ငါ့ကို မင်းဘာလုပ်မှာလဲ... ပြောစမ်းပါ... စိတ်ဝင်စားဖို့ကောင်းလို့... "
" တော်တော့... ငါ ဘာလုပ်မိမလဲဆိုတာ ငါကိုယ်တိုင်လည်းမသိဘူး... ဒါကြောင့် မင်း ငါနဲ့ပတ်သက်တဲ့ မကျေနပ်ချက်တွေကို မဆိုင်တဲ့ အပြင်လူအပေါ် မပုံချစမ်းနဲ့... "
" မဟူရာ... မင်းကြားလား... ဟား ဟား အဲဒါ ငါ့ရဲ့ အကိုကြီးဆိုတဲ့သူက မိသားစုဝင်ထက် အခြားသူကို ပိုကာကွယ်ပေးချင်နေတာလေ... ဟား..."
နောင်ရိုးက မြက်ပင်ရှည်များကြားရှိ တစ်စုံတစ်ခုကို တိုင်တည်၍ စကားပြောလိုက်သည်ကြောင့် သတိုးပင် စိတ်ထဲ မသိုးမသန့်ခံစားမိလေကာ...
" မဟူရာ ဆိုတာ ဘာလဲ... နောင်ရိုး မင်းဘာကိုလှမ်း စကားပြောနေတာလဲ "