[Zawgyi]
လျှို့ဝှက်လေသောလိပ်ပြာ 🦋အပိုင်း (၁၁)
သတိုးတစ်ယောက် လုပ်စရာရှိသော ကိစ္စအဝဝကို အလျှင်အမြန်လုပ်ကိုင်ပြီးသည်နှင့် မိမိနှင့်အတူ သတင်းယူရန်ပါလာသော ကိုတင်ဖေဘက်သို့ လှည့်ကြည့်၍...
" ကိုတင်ဖေ... ကျွန်တော့် ဝင်စရာတစ်နေရာရှိသေးလို့ ညနေအလုပ်မဆင်းခင် အမှီပြန်လာပြီး အစီရင်ခံစာ တင်ပေးမယ် ရတယ်မလား... "
သတိုးရဲ့ လောဆော်နေသောဟန်ကြောင့် ကိုတင်ဖေက ကွမ်းတမြုံမြုံဝါးနေရင်းမှ...
" အမှီပြန်လာစရာမလိုပါဘူး... မင်းကိစ္စသာပြီးပြတ်အောင်လုပ်ခဲ့... အစီရင်ခံစာကို စိတ်ပူမနေနဲ့ ... မနက်ဖြန်မနက်စောစောမှ လာတင်လိုက် ဟုတ်ပြီလား... "
ထိုစကားကို ကြားတော့ သတိုးလည်း ကျေးဇူးတင်စကားဆိုကာ အနီးမှ ဖြတ်သန်းသွားသော မြင်းလှည်းတစ်စီးကို လှမ်းတားပြီးနောက် ခက်ငယ်၏ နေအိမ်လိပ်စာ ပြောဆို၍ ငှားရမ်းလိုက်တော့၏။
တိမ်တိုက်တွေကြားမှ ဖြာကျနေသော နေအပူရှိန်က ပြင်းထန်လွန်းပေမယ့် တိုက်ခတ်လျက်ရှိတဲ့ လေနုအေးအေးကြောင့် နေရထိုင်ရ သက်တောင့်သက်သာရှိလေသည်။
များမကြာမှီ ခက်ငယ်ရဲ့ ခြံရှေ့သို့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလေသဖြင့် လှည်းငှားခပေးပြီးလျှင် ခြံတံခါးဝမှ ကြေးနီခေါင်းလောင်းငယ်အား စိတ်လှုပ်ရှားစွာလှုပ်ရမ်းလိုက်တော့ ခြံစောင့်ဖြစ်ဟန်တူသော လူငယ်လေးတစ်ဦးက သတိုးရှိရာဆီ တန်းတန်းမတ်မတ်လျှောက်လှမ်းလာရင်း...
" ဗျို့... ဘယ်သူလဲဗျ "
ထိုလူငယ်လေးကို ခက်ငယ့်ရဲ့နေအိမ်သို့ သတိုးရောက်ရှိခဲ့စဉ် ယခင်အကြိမ်တွေက မမြင်တွေ့ဖူးပေ။ သို့ကြောင့် အလုပ်သမားအသစ်ဖြစ်မည်ဟု တွေးတောလိုက်ပြီး...
" သတိုးဆိုက်ခေါင် ရောက်နေကြောင်း ခက်ငယ့်ဆီ ပြောပေးပါ... "
လူငယ်လေးက သတိုးရဲ့နာမည်ကို မေ့လျော့မသွားအောင် နှုတ်မှ တတွတ်တွတ်ရွတ်ဆိုရင်း အိမ်ထဲ လှစ်ကနဲပြေးဝင်သွားသည်။
![](https://img.wattpad.com/cover/288711051-288-k521058.jpg)