မြင့်မားလှသည့် နီညိုရောင်အုတ်တံတိုင်းက ရှည်လျှားလွန်းလှသည်၊၊ အုတ် တစ်ချပ်ချင်းစီအလိုက် သဘာဝဆန်ဆန်ပုံဖေါ်ထားပုံက မြင်ရသူစိတ်ကို မျက်စိပဒေ သာဖြစ်လွန်းလှသည်၊၊ ညီညာစွာတည်ရှိနေသည့် ခြံဝန်းတံခါးမြင့်မြင့်၏တစ်ဖက်စီမှာ နဂါးပုံပြုလုပ်ထားသည်ကိုမြင်သည်နှင့် ဒီအိမ်ပိုင်ရှင်ဟာ ကြီးကျယ်မြင့်မြတ်သူဖြစ် ကြောင်း ငေးကြည့်နေသူကျွန်မ၏စိတ်ကို အလိုလိုဖြစ်ပေါ်ခံစားစေသည်။ ခြံဝင်း အရှေ့ရောက်သည်တောင် ခြံထဲမဝင်နိုင်ပဲ ငေးမောကြည့်နေမိသည်အထိ အနုပညာ ဆန်လွန်းလှသည်။ အနုပညာရှင်တိုင်း၏ နေအိမ်တိုင်းက ဒီလိုပဲအနုပညာဆန်လွန်းသည်လား၊၊
ဒါတော့မဖြစ်နိုင်ပါ၊၊
ကျွန်မ ခြံဝင်းအား ငေးမောကြည့်နေသည်ကိုရပ်ကာ ခြံတံခါးဘေးရှိ လူခေါ် ခလုပ်ကိုနှိပ်လိုက်သည်၊၊ ကျွန်မခလုပ်နှိပ်လိုက်သည်နှင့် အစိမ်းရောင်မီးလေးတစ်ချက် ဖျက်ခနဲ လင်းလက်သွားသည်၊၊
"ဝင်ခဲ့ပါ"
ခပ်ရှရှထွက်ကျလာသည့်စကားသံက စပီကာမှပီပီသသကြားလိုက်ရတော့ ကျွန်မ လက်ရှိရောက်နေသည့်အနေအထားကို မယုံမရဲခံစားနေမိပြန်သည်၊၊ ကျွန်မ အနည်းငယ်အိပ်မက်ဆန်သည့် အတွေးတွေကို ကြိုးစားဖယ်ထုတ်ကာ ကြီးမားသည့် ခြံတံခါးဘေးရှိ လူဝင်ပေါက်တံခါးသေးသေးကို မဝင့်မရဲတွန်းဖွင့်လိုက်သည်၊၊ ခြံဝင်း တံခါးက ကျွန်မလက်ထဲလွယ်ကူစွာပွင့်လာသည်။ ပထမဦးစွာ ကျွန်မ၏မြင်ကွင်းထဲ ဝင်လာသည်က အစိမ်းရောင်မြက်ခင်းပြင်ကြီးများနှင့် ထိုမြက်ခင်းတွေကြားရှိ အနီ ရောင်နှင်းဆီပန်းခင်းကြီး၊၊
ဒါဆိုနှင်းဆီပန်းကြိုက်တတ်သည်ဆိုသည့် သူ့အကြောင်းက ကောလဟာလ တစ်ခုမဟုတ်ခဲ့ဘူးပေါ့၊၊ ခေတ်မီသည့်အဖြူရောင်တိုက်ရှေ့တွင် စိမ်းလန်းနေ သည့်မြက်ခင်းပြင်က ပန်းချီကားတစ်ချပ်လို အသက်ဝင်လှပလွန်းသည်ဆိုရပေမဲ့ မျက်စိအဆုံးရှိနေသည့် အနီရောင်နှင်းဆီပန်းခင်းကြီးကတော့ ထိုလှပမှုကို အနည်း ငယ်မျှအရုပ်ဆိုးစေသည်ဟု ကျွန်မထင်သည်၊၊ ကျွန်မသာဆိုရင် ထိုစိမ်းစိုနေမှုကို ပန်းရောင်စုံဖြင့် ပွင့်လန်းစေမှာ၊၊