ကျွန်မ ကမ်းပေးသည့် အသံသွင်းစက်သေးသေးလေးနှင့် အစိမ်းရောင် မှတ်စုစာအုပ်လေးကို ငေးကြည့်နေသော ကိုကို့မျက်ဝန်းများကို ကျွန်မ မျက်တောင် မခတ်ငေးကြည့်နေမိသည်။ ပြီးတော့ ထိုမျက်ဝန်းက အဓိပ္ပာယ်များကို ကျွန်မ ဘာသာ ပြန်ဖို့ကြိုးစားနေသည်။"ကိုကို သိသင့်တယ် ထင်လို့ပါ"
တည်ငြိမ်အောင်ကြိုးစားပြီး ပြောလိုက်သည့် ကျွန်မစကားသံက ကျွန်မ ကြိုးစားထားသလို ကျွန်မနှုတ်ဖျားမှ တည်ငြိမ်စွာထွက်လာသည်။ ဒါပေမယ့် မွန်းကြပ် နေသော ကျွန်မ အတွေးတွေကြား ကမ်းပေးနေသော ကျွန်မ၏လက်ကလေးကတော့ စက္ကန့်ပိုင်းမျှ တုန်ရင်သွားသည်ကို ကိုကိုသိပါလေစ။
အင်း။
ကိုကိုသိပါသည်။
ကိုကို ကျွန်မကိုကြည့်လာသည်။ အနည်းငယ်အံ့ဩနေသော ကိုကို့အကြည့် က မယုံကြည်နိုင်မူများနှင့်ပင်။ ထိုကဲ့သို့ ကျွန်မဆုံးဖြတ်မည်ကို ကိုကို မယုံခဲ့ဘူး ထင်ပါ့။
ဟင့်အင်း။
ကျွန်မလည်း မယုံကြည်နိုင်ခဲ့ပါဘူး ကိုကို။
ကျွန်မ ဒီလိုဆုံးဖြတ်မိမယ်လို့ မယုံကြည်ခဲ့မိဘူး။ သူ ပြောပြနေသော ကလေး ဆိုသည့်သူက ကိုကို ဖြစ်လာလိမ့် မယ်လို့ ကျွန်မ ယောင်ရမ်းပြီးတောင် မတွေးမိခဲ့ဘူး။ ပြီးတော့ ကိုကိုက ကျွန်မ လက်မခံနိုင်သည့်ခံစားမှုများနှင့် ပတ်သက်ငြိတွယ်ခဲ့လိမ့် မယ်လို့လဲ ကျွန်မ ယောင်လို့မတွေးခဲ့မိဘူး။
ကိုကိုက ဂေးတစ်ယောက်လား။
ဟင့်အင်း။
ကိုကိုက အဲဒီလို ကာမဆန္ဒတောင်းတခြင်းတစ်ခုအတွက်နဲ့ မိုက်မဲမူကို ကျူးလွန်မယ့်လူမျိုးမှ မဟုတ်ပဲ။ ဒါဆိုရင် ဒါကိုအချစ်လို့ ကျွန်မတွေးပေးရမလားဟင်။
အိုး။
ထိုအကြောင်းရင်းက ကျွန်မကို ပိုပြီးနာကျင်စေလှသည်ကွယ်။
သိခဲ့ရမှာ။ သူနှင့်စတင်တွေ့ကတည်းက ဦးလေးဆိုသည့်အကြောင်းပြောစဉ် ကတည်းက ကျွန်မသိခဲ့ရမှာ။ လက်စွပ်ကိုမြင်ဖူးတယ်ထင်နေခဲ့တာ။ ရီချင်လိုက်တာ။ တကယ်တော့ တစ်ခါတစ်ရံ ကိုကိုအင်္ကျီကြယ်သီးတပ်ပေးတိုင်း ကိုကိုရင်ဘက်မှာ အမြဲဆွဲထားတဲ့အရာလို့ ဘာလို့မတွေးခဲ့မိတာလဲ။ ကျွန်မကပဲ အနည်းငယ်ဟနေသော အင်္ကျီရင်ဘတ်က ကိုကို့ရဲ့ဖွေးစွတ်နေသော အသားအရေကို ငေးမောနေခဲ့မိ၍လား။
