"ရှင်တို့တွေ နောက်ဆုံးတော့ လမ်းခွဲခဲ့ကြတယ်ပေါ့"မေးခွန်းတစ်ခုရယ်မဆိုသာသည့် ကျွန်မရဲ့အမေးဝါကျတစ်ခုမှာ နှမျှောသတ ခြင်းတွေပါဝင်နေသည်ကို ကျွန်မခံစားမိတော့ ကိုယ့်ကိုယ်ကိုအံ့ဩနေမိပြန်သည်။ ကျွန်မ၏စိတ်ထဲ အမှန်တကယ်ပင် သူတို့နှစ်ဦးအား အဆင်ပြေစေချင်မိနေသည်လား။ ဒီလိုသဘာဝမကျတဲ့ လိင်တူဆက်ဆံရေးမျိုးကို သဘောမကျပေမယ့် ထိုသဘာဝမကျ သည့် အနေအထားမှဖြစ်ပေါ်လာသည့် ထိုဆက်ဆံရေးကို ကျွန်မ၏မသိစိတ်က လေးစားနေမိသည်လား။
ဒါမှမဟုတ် အားကျနေမိသည်လား။
"အင်း ။ဆိုပါတော့"
တည်ငြိမ်စွာပြောလိုက်သည့် သူ့စကားသံမှာတော့ နှမျှောသတခြင်းတွေ ကျွန်မ မတွေ့မြင်မိသလိုပင်။ ကျွန်မ သူ့အား နားမလည်နိုင်စွာကြည့်နေမိသည်။ သူက စားပွဲပေါ်ရှိ အစိမ်းရောင်ကော်ဖီခွက်ထဲမှ အေးစက်စက်ကော်ဖီကို အကုန်မော့ သောက်လိုက်သည်။ အေးစက်စက်ကော်ဖီကို မကြိုက်တတ်သည့် ကိုကိုသာဆိုရင် ကျွန်မ၏အရှေ့က သူ့ရဲ့အပြုအမူကို မျက်နာရှုံ့ကာကြည့်နေမလား ကျွန်မတွေးနေ မိသည်။
ဟင့်အင်း။
မသေချာလှပါ။
ကိုကိုက ဘယ်တုန်းကမှ သူတစ်ပါးကို အပြစ်တင်ရှုံ့ချတတ်တဲ့သူ မဟုတ် ဘူးဆိုတာ ကျွန်မအသိဆုံးပင်။ ဒါဆိုရင် ကိုကို့ရင်ထဲမှာ သဘောကျသည့်အရာတွေက မည်ကဲ့သို့အရာတွေလည်းလို့ ကျွန်မတွေးမိတော့လည်း သေချာသည့်အဖြေ ကျွန်မဆီ တွင်ရှိမနေခဲ့ပါ။
"ချစ်သူဆိုတဲ့ ကျွန်တော်တို့ဆက်ဆံရေး ပြတ်တောက်သွားတာပေါ့"
ဒါဆိုရင် ဦးလေးနှင့်တူလေးဆိုသည့် ဆက်ဆံရေးကတော့။
"အခုအချိန်အထိ သူက ကျွန်တော့်ဦးလေးအဖြစ် ရှိနေဆဲပါ"
ခပ်ဆွေးဆွေးနှင့် ခပ်လေးလေး သူ့စကားလုံးများက ကျွန်မ၏စိတ်ကို လေးလံလွန်းစေပါသည်။ ဒါကြောင့် စောစောက သူ တည်ငြိမ်နေနိုင်ခဲ့သည်ထင်သည်။ တည်ရှိပုံချင်းပြောင်းလဲသွားခဲ့ပေမယ့် ရင်ထဲက တည်ဆောက်ထားသည့် အရာက တည်မြဲနေ၍ပင်ပဲလား။ လူသားနှစ်ဦးရဲ့ စည်းခြားထားသည့် ပတ်သက်မူနှင့်မဖြစ်နိုင် သည့် လူ့သဘာဝဖွဲ့စည်းပုံတွေက ထိုလူနှစ်ယောက်ရဲ့ရင်ထဲကခံစားမှုကို မကွယ် ပျောက်စေဘူးလား။ ပုံဖော်ပြီးဖမ်းဆုပ်၍မရသည့် ခံစားမှုလေးက လူတစ်ယောက်ရဲ့ စိတ်နှလုံးသားထဲ တည်ရှိနေတယ်ဆိုရုံနှင့် ထိုလူရဲ့အနာဂတ်တစ်ခုလုံးကို ပြောင်းလဲ စေသည်ထင်သည်။ ဒါကြောင့် လောကကြီးမှာ စိတ်သည်သာ ကြောက်စရာအကောင်း ဆုံးဟု ပြောဆိုသတ်မှတ်ကြသည်ထင်သည်။
