တိတ်ဆိတ်နေသည့်အခန်းထဲ ကြေကွဲနေသော သူရဲ့ခပ်ဆွေးဆွေး မျက်ဝန်း ကို ကျွန်မအဓိပ္ပါယ်မဲ့စွာငေးကြည့်နေမိသည်။ အချစ်လို့ခေါင်းစဉ်မတပ်ချင်သည့်ခံစား မှုများ လောကကြီးအတွင်း မည်မျှလောက်ရှိနေသည်လဲ။ ပြီးတော့ ထိုခံစားမှုများထဲ စတေးခဲ့ရသည့်နှလုံးသားတွေ၊ ရင်းနှီးခဲ့ရသည့်ပျော်ရွှင်မှုတွေ၊ နာကျင်ခဲ့ရသည့် ပတ်သက်မူတွေ မည်မျှလောက်ရှိနေသည်လဲ။ ကျွန်မ သူ၏စကား တွေကိုနားထောင် ပြီး သူ၏မျက်ဝန်းက ကျွန်မမြင်တွေ့နေမိသည့် ဆုံးရှုံးမှုဆိုတာကို ကြိုးစားအဖြေရှာမိ နေပြန်သည်။ ဘာတွေ သူဆုံးရှုံးခဲ့သည်လဲ။ ဤမျှလောက် ကြိုးစားတည်ဆောက်ခဲ့ သည့် ထိုရူးသွပ်ခြင်းခံစားမှုကို ဘယ်လိုအရာတွေက ဖျက်ဆီးစေခဲ့သည်လဲဟု ကျွန်မ တွေးတောနေမိသည်။ ပြီးတော့ ဘာရယ်မဟုတ် သူတို့ရဲ့နာကျင်မှုကိုတွေးပြီး ကျွန်မ ကြေကွဲသလိုခံစားနေမိပြန်သည်။ထိုကြေကွဲမူကို ကျွန်မ နားမလည်နိုင်ပါ။
ထိုကဲ့သို့ လိင်တူဆက်ဆံရေးမျိုးကို သဘာဝမကျစွာခံစားတတ်သည့် ကျွန်မ က သူရဲ့နာကျင်မူကို ထပ်တူခံစားနေမိတာ အံ့ဩစရာပင် ကောင်းလှသည်။
"ဒါက သူပေးခဲ့တဲ့ လက်စွပ်လား"
သူ့လက်သူကြွယ်တွင် ဝတ်ဆင်ထားသည့် ငွေမှင်ရောင်လက်စွပ်ကို ကျွန်မ ကြည့်ကာ မေးငေါ့မေးလိုက်မိသည်။ သူက သူ့လက်သူကြွယ်က လက်စွပ်လေးကို တယုတယကိုင်ကာ နှုတ်ခမ်းလှုပ်ရုံပြုံးနေသည်။ ကျွန်မ သူ့ရဲ့အဖြေစကားကို အလိုလို နားလည်ကာ သူရဲ့လှပသည့်အပြုံးကိုကြည့်ရင်း ခေါင်းတစ်ချက်ငြိမ့်ကာ ပြုံးလိုက် မိသည်။
"ဒါဆိုရင် သူပေးခဲ့တဲ့ သံကွင်းအစား နောက်ထပ် လက်စွပ်ကို ရှင်ရခဲ့တယ် ပေါ့"
လက်စွပ်ကိုပွတ်သပ်နေရင်း သူက ကျွန်မကိုစိုက်ကြည့်လာသည်။ ပြီးတော့ ကျွန်မမေးခွန်းကို သူကပြုံးကာနေပြန်သည်။ သူ့အကြည့်က ကျွန်မမျက်ဝန်းမှ တစ်ဆင့် ကျွန်မရဲ့မှတ်စုစာအုပ်ကိုကိုင်ထားသည့် ဘယ်လက်ကို အကြည့်ရောက်လာ သည်။
"အင်း သူ့ရဲ့နောက်ဆုံးလက်စွပ်ကို မပိုင်ဆိုင်ရပေမယ့်ပေါ့"
