တိတ်ဆိတ်နေသည့်အခန်းထဲ ကျွန်မအရှေ့တွင်ထိုင်နေသည့် သူ့ရဲ့ သက်ပြင်းချသံသဲ့သဲ့နှင့် ကျွန်မရဲ့သက်ပြင်းချသံသဲ့သဲ့က ရှေ့ဆင့်နောက်ဆင့် ထွက်ကျ လာသည်။ နာကျင်မှုတွေနှင့်ကြေကွဲခြင်းတွေပါဝင်နေသည့် သူ့မျက်ဝန်းက ခံစားမှု တွေကို ကျွန်မထပ်တူခံစားနေမိတော့ ကျွန်မ ထိုခံစားမှုကြီးကို အံ့သြနေမိပြန်သည်။ ဒီလောက်နာကျင်စရာတွေ များပြားလွန်းနေတဲ့အချစ်ကို ဘာကြောင့်ဖက်တွယ်နေ သလဲလို့ ကျွန်မအံ့သြစွာတွေးတောမိပြီး သူ့ကို နားမလည်နိုင်စွာကြည့်နေမိသည်။ ဘယ်အရာတွေက နာကျင်ခြင်းတွေကိုအံ့တုဖို့ တွန်းအားဖြစ်စေခဲ့သည်လဲနော်။ထိုတွန်းအားက အချစ်ဆိုရင်တော့။
အချစ်ဆိုတာ အင်အားကြီးတဲ့ အဆိပ်ခွက်တစ်ခွက်လား။
"ဒါဆိုရင် ရှင်တို့ပြန်ပြီးအဆင်ပြေသွားခဲ့တယ် ပြောရမှာပေါ့နော်"
ကျွန်မ ပြောပြီး စားပွဲပေါ်ရှိကော်ဖီခွက်ကို ငေးကြည့်နေသည့်သူ့ကို ကြည့် လိုက်မိသည်။ အနည်းငယ်ခက်ခဲသည့် သူ့တို့အနေအထားအတွက် ကျွန်မ စကား အသုံးအနှုံးကို သေချာစဉ်းစားနေရသည်။ အဆင်ပြေသည်ဆိုသည့်ပြောလိုက်သည့် ကျွန်မ၏စကားကမှန်ရဲ့လား။ ပြန်တွဲဖြစ်လားလို့ မေးဖို့အတွက်တော့လည်း ကျွန်မ ပါးစပ်က ထိုအခြေအနေကို သဘောကျပြောနိုင်စွမ်းမရှိဘူးလေ။ သူပြောပြသည့် အနေအထားတွေကို ဖြစ်တတ်ပါတယ်လို့တွေးမိပေမယ့် နားလည်ပေးနိုင်မှုကိုတော့ ကျွန်မမပေးနိုင်ပါ။ ကျွန်မက အခုလိုသဘာဝကိုဆန့်ကျင်သည့်အနေအထားကို လက်မခံနိုင်သူပဲဖြစ် သောကြောင့်ပင်။
သူ့ဆီက သက်ပြင်းချသံနောက်တစ်ကြိမ်ကြောင့် ကျွန်မစိတ်ထဲလည်း အလိုလိုမောပန်းလာခဲ့ပြန် သည်။
အဆင်မပြေခဲ့ဘူးလား။
တကယ်တော့လည်း အဆင်ပြေဖို့ဆိုတာက သူ့လိုလူအတွက် လွယ်ကူပေ မယ့် ထိုအဆင်ပြေမှုတွေကတော့ခက်ခဲနေမှာပင်။ သူက နိုင်ငံကျော်အနုပညာရှင် တစ်ယောက်မဟုတ်လား။ ကျွန်မ ထိုင်နေသည့်အနေအထားကို ခဏမျှပြောင်းရန် စိတ်ကူးပြီး ကိုယ်ကိုအနည်းငယ်ကြွကာ မသိမသာအကျောလျော့လိုက်သည်။ ပြီးတော့ နေသားတကျပြန်ထိုင်ပြီး သူ့ကို တစ်ချက်ပြန်ကြည့်လိုက်သည်။
