Jan -1
နှစ်တစ်နှစ်ရဲ့အစမှာစတဲ့ပုံပြင်လေးတွေကဖတ်လို့ကောင်းလောက်တယ်မလား ။ ကျွန်တော်က ဒိုင်ယာရီစာအုပ်ကိုဖွင့်ရင်း ဒီလိုပုံပြင်လေးတစ်ပုဒ်ပြောပြဖို့ ပြင်ဆင်ထားတယ် ။
🌸
ကျောင်းဆင်းပွဲရဲ့အငွေ့အသက်က ပျော်ရွှင်ဖွယ်ရာကောင်းသလိုလွမ်းမောဖွယ်ရာလည်းကောင်းနေခဲ့တယ် ။ ဒီနေ့ပြီးရင်ကျွန်တော်တို့က ကျောင်းသားဘဝကိုစွန့်လွှတ်ပြီး လူကြီးအနေနဲ့ရပ်တည်ရတော့မယ် ။ သင်တန်းတွေကျောင်းတွေဆက်တက်ဦးမဲ့သူအချို့ရှိနိုင်ပေမဲ့မိခင်တက္ကသိုလ်ကြီးနဲ့တော့တူနိုင်ပါ့မလား ။
နှုတ်ဆက်အခမ်းအနားပြီးဆုံးလို့ကျောင်းကထွက်လာတာနဲ့ သူတို့တွေအုပ်စုလိုက်ဦးတည်ရာက အရက်အဓိကရောင်းတဲ့စားသောက်ဆိုင် ။ ရှောင်းကျန့်ပြန်ချင်နေပေမဲ့ နောက်ဆုံးတစ်ရက်လေးမှာမကောင်းတတ်တာကြောင့်လိုက်လာခဲ့တယ် ။ ကိုယ်ပိုင်ကားရှိတဲ့သူတွေက ကျောင်းသားတွေကိုမျှခေါ်ကြတယ် ။
ရှောင်းကျန့် Taxi ငှားဖို့တွေးနေတုန်းမှာပဲ
ရှားရှားပါးပါးသူငယ်ချင်းကျန်းလွီယွီကသူ့ကို ထောပတ်သီးရောင်မှိုင်းမှိုင်းရှိတဲ့ကားပေါ်တွန်းတင်လိုက်တယ် ။ အနက်ကွက်တွေဖော်ထားပုံက ပြေးကွင်းထဲမှာတွေ့ဖူးနေကျပြိုင်ကားတွေနဲ့ဆင်တယ် ။ တော်တော်လေးစျေးကြီးမဲ့ပုံပဲ ။ကားပိုင်ရှင်ကိုကျေးဇူးတင်ဖို့ကြည့်လိုက်ပေမဲ့ အလုံထုပ်ထားတဲ့ပုံရိပ်ကြောင့် သူတိုးတိုးတိတ်တိတ်ပဲလိုက်ပါလာခဲ့တယ် ။
ရှောင်းကျန့်လက်ထဲရောက်လာတဲ့ ဘီယာခွက်ကိုခပ်ဖြည်းဖြည်းသောက်ရင်း အရသာတွေ့လာတယ် ။ ပုံမှန်အတိုင်းနူးညံ့စွာပြုံးပြနေရင်း စကားဝိုင်းထဲဝင်မပါဖြစ် ။ ခပ်အေးအေးနေတတ်တဲ့သူ့အတွက် ထူးထူးခြားခြားပြောပြစရာခေါင်းစဥ်လည်းရှိမနေခဲ့ပါ ။
"အဲ့ဒါဂျူနီယာလေးမလား "
သူတို့စားပွဲဝိုင်းသာမကဘေးဝိုင်းတွေကပါအာရုံရောက်နေတဲ့နေရာဆီသူကြည့်လိုက်မိတယ် ။ အသားဖြူဖြူ မျက်ခုံးကောင်းကောင်း မျက်နှာနဲ့ အထက်တန်းကျတဲ့လူငယ်လေးကလူတွေကြားထင်းနေခဲ့သည် ။ ထိုဂျူနီယာလေးက တောက်တောက်ပြောင်ပြောင်ပြင်ဆင်ထားတာမဟုတ်သော်ငြား စတစ်ကာစာလုံးတွေသာပါတဲ့ Tee ကတောင်သူ့ကိုတောက်ပစေနေတာဖြစ်တယ် ။ နာရီအနက်တစ်လုံးကို ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားပုံကလည်းတစ်မျိုးထူးခြားနေစေတာပါပဲ ။