April 30 .
ဧပရယ်က သွက်လက်တဲ့မင်းသမီးလေးလို့ခံစားရတယ် ။ ဧပရယ်လမှာအရာရာကတောက်ပနေသလိုပဲ ။ သည်နေ့ရဲ့ဆည်းဆာကတော့ရွှေအိုရောင်ဇာပဝါပါးကိုလေထုထဲခင်းကျင်းထားသလိုဖြစ်တယ် ။ A ဆိုတဲ့စာလုံးက ခေါင်မိုးလေးနဲ့တူပြီးချစ်ဖို့ကောင်းတယ်မလား?
🍂
လစာထုတ်တဲ့ရက်မို့ သူကုန်တိုက်ဝင်လိုက်ပြီးလိုအပ်တာလေးတွေကြည့်နေလိုက်တယ် ။ လတောင်ကုန်သွားပြီပဲ ။ လတစ်လကုန်ဆုံးတဲ့အပေါ်သူစိတ်ရောက်နေတာက ဂျူနီယာကောင်လေးနဲ့စတုတ္ထအကြိမ်မတွေ့ဆုံရသေးတာကြောင့်ပါပဲ ။ အာမခံချက်လုပ်ထားတာမရှိပါဘဲ သူကသေချာပေါက်တွေ့ရမယ်လို့မျှော်လင့်နေခဲ့မိတာ ။
နာရီကိုကြည့်တော့ ညနေခြောက်နာရီထိကူးသွားပြီ ။ သူ့ရဲ့နောက်ဆုံးကန့်သတ်ထားတဲ့အိမ်ပြန်ချိန်က ဆယ်နာရီ ။ သူမေမေ့စည်းကမ်းကိုမလွန်ဆန်ဖူးဘူး ။ ဒီလထဲတွေ့ဆုံဖြစ်ဖို့ဆိုရင်သူ့မှာအချိန်လေးနာရီပဲရှိတော့တယ် ။ တွေ့ရတတ်တဲ့နေရာတွေသွားကြည့်ဖို့ တွေးခဲ့ပေမဲ့ မထင်မှတ်ဘဲတွေ့ဆုံရတဲ့အခိုက်အတန့်တွေကိုသတိရမိတဲ့အခါသူလက်လျှော့လိုက်တယ် ။ Lucky Clover တွေလိုမျိုးရှာတွေ့ချင်တဲ့နေရာမှရှာတွေ့နိုင်တဲ့ကောင်လေးမဟုတ်ပါလား ။
ကုန်တိုက်ထဲကထွက်လာတဲ့အခါ လမ်းပေါ်မှာကလေးတစ်ယောက်မျှမရှိ ။ သူ့လက်ထဲကမုန့်ကို သန့်ရှင်းရေးလုပ်နေတဲ့အဒေါ်ကြီးကိုပေးလိုက်တယ် ။ သူမကအတော်လေးဆာလောင်နေမယ်လို့သူထင်တယ် ။
ခြေဦးတည့်ရာလျှောက်သွားနေရင်းပတ်ဝန်းကျင်ကမှောင်သထက်မှောင်လာတယ် ။ နာရီကိုကြည့်တော့ ခြောက်နာရီလေ့ဆယ့်ငါး ။ ရုံးကထွက်လာနဲ့ဆိုရင်သူတစ်နာရီနီးပါး ဟိုဟိုဒီဒီလမ်းလျှောက်ရင်းအချိန်ကုန်နေခဲ့တယ်လို့ ဆိုလိုတာပဲ ။ ညောင်းလာတဲ့ခြေထောက်တွေကိုအသာနှိပ်နှယ်ရင်း ကားမှတ်တိုင်မှာသူထိုင်နေတယ် ။ သီချင်းသံဆူနေအောင်ဖွင့်ထားတဲ့ကားဆီသူလှမ်းကြည့်မိတော့ အစိမ်းရောင်ပြိုင်ကားလေး ။
သူအနည်းရင်ခုန်သွားတယ် ။ ရေစက်လို့မခေါ်နိုင်တဲ့ကားကိုတောင်သူတွေ့လိုက်ရပြီမိုကောင်လေးများရောက်လာနိုင်သလားဆိုတဲ့မျှော်လင့်ချက်ကရှင်သန်လာတယ် ။ ကားက Point လွတ်တာနဲ့ခပ်ကြမ်းကြမ်းမောင်းထွက်သွားတယ် ။ ရှောင်းကျန့်လည်းမတ်တပ်ရပ်လိုက်ပြီး အနီးအနားကဆိုင်တစ်ခုထဲကိုဝင်လာလိုက်ပါတယ် ။