ပန်းလေးတစ်ပွင့်လို လှတဲ့ လူငယ်လေး ဘယ်နားကနေ ဘယ်လို ပေါက်ရောက်လာမှန်း မသိ...
သူ့ကို ငါ့ကြည့်ရင်း တည်တည်တံ့တံ့ ငြင်းပေးလိုက်တယ်။ "ဟေ့အေး... ငါ တပည့်လက်မခံဘူး"သူ ခေါင်းမော့လာပြီး စိတ်အားထက်သန်စွာ ပြန်ဖြေတယ်။ "တပည့်လက်မခံချင်လဲ ရတယ်... ကျွန်တော့်ကိုပဲ လက်ခံပါ"
အခုနောက်ပိုင်း ငါ အသက်အရမ်းကြီးလာတော့ လူငယ်တွေရဲ့ အတွေးရေယာဉ်ကြောကို လိုက်မမီနိုင်တာ ဖြစ်ရမယ်...
ဒါပေမဲ့ တဒင်္ဂတော့ ငါ ရင်မောသွားရမိတယ်။
"လူငယ်လေး... တို့က နှစ်ပေါင်းသောင်းချီပြီး ကျင့်ကြံနေထိုင်လာတာ... မင်း အကွက်တွေအတိုင်း လိုက်ကစားပေးဖို့ အိုလွန်းနေပြီ"
"ကိစ္စမရှိဘူး" အလို သင်းက တော်တော် နားလည်ပေးတတ်ပါလား...
"ကျွန်တော့်ဘာသာ ကျွန်တော် အကွက်ချ ကစားပေးလိုက်မယ်""......"
ငါ သူ့ကို စကားနိုင်လုပြီး မပြောနိုင်ဘူး။ ဒါပေမဲ့ ငါ့ဝန်းထဲကနေတော့ သူ့ကို နှင်ထုတ်လိုက်နိုင်တယ်။ သူ ခြံဝန်းအပြင်ကနေ ရပ်နေပြီး သနားစရာ မျက်ဝန်းကလေးတွေနဲ့ ငါ့ကို ကြည့်နေတာမှ သူ နာကျင်သွားရတဲ့ အတိုင်းပဲ။ သူ့ကို မြင်နေရတာ ငါ စိတ်မချမ်းမသာ ဖြစ်ရတယ်။ ဒီသေနာလေးကို မြူတောင်ပေါ်ကနေ နှစ်ချက်လောက်ရိုက်ပြီး လွင့်သွားအောင် လုပ်လိုက်ရ...!
ဒါပေမဲ့ ငါက အကျိုးအကြောင်း ဆီလျော်ဆင်ခြင်တတ်တဲ့ ထာဝရရှင်သန်သူလေ။
သူက လွန်လွန်ကျူးကျူး ဘာအပြစ်မှ မလုပ်ထားသေးဘူး။ ပြီးတော့ မြူတောင်ပေါ်မှာ ငါ့အိမ်ကလေးကလွဲရင် ဘယ်အရာမှ ငါ့နာမည် ရေးထိုးထားတာ မဟုတ်ဘူး။
သူ့ကို အတင်းကြီး နှင်ထုတ်တာက ကျိုးကြောင်း မမျှတရာကျသွားမယ်။ အဲ့ဒါနဲ့ပဲ၊ ငါ တံခါးပိတ်လိုက်ပြီး သူ့ဟာ သူ တစ်ယောက်တည်း နာကျင်ကြေကွဲနေပုံ ပေါက်နေခွင့်ပြုထားလိုက်တယ်။ သူ့ဟာသူ ကိုယ့်အမှားကိုယ် ဆင်ခြင်နေလို့လည်း ရတာပေါ့။ငါ အိမ်ထဲ ပြန်ဝင်ပြီး အိပ်နေလိုက်တယ်။ သုံးရက် သုံးညလုံး ငါ အိပ်ပျော်သွားခဲ့တယ်။
ငါ နိုးလာတော့ အဲ့ဒီလူငယ် ထွက်သွားလောက်ပြီလို့ ထင်ထားတာ။
ဒါပေမဲ့ ငါ တံခါးဖွင့်လိုက်တာနဲ့ ပင့်သက်ရှိုက်လိုက်ရမိတယ်။