ငါ ကုတင်ပေါ်မှာ လှဲနေရင်း ငါ့အတွေးတွေ စပြီး ပြန့်လွင့်သွားတော့တယ်။ အချစ်ရေးနဲ့ ပါတ်သက်ရင်ခုနက ငါ ပြောခဲ့သလိုမျိုး ဘာမှ အကြောင်းမရှိခဲ့တာတော့ မဟုတ်ဘူး။ ငါ့မှာလည်း ဘယ်သူ့ကိုမှ ပြောမပြဖြစ်ခဲ့တဲ့ လျို့ဝှက်ချက်တွေ ရှိခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တုန်းက ချင်းဟန်အသက်ရလာတဲ့အခါမှာ အတော်ကို လှတဲ့ သူ့မျက်နှာက လောကသုံးခွင်လုံးက ယောက်ျားတွေကို ငိုသွားစေလောက်အောင်ပဲ။ နေ့တိုင်း ငါ့ကို ရင်သပ်ရှုမောရစေတယ်။
နှစ်ထောင်ပေါင်းများစွာ ထုံထိုင်းမှုန်မှိုင်းကာ ပက်ကြားအက်နေခဲ့တဲ့ ငါ့နှလုံးသားလေးမှာ လှိုင်းဂယက်တွေ ထလာတယ်ဆိုတာက မသွေဖယ်နိုင်စရာတွေ ဖြစ်ခဲ့တယ်။အဲ့တုန်းက ငါက ရက်စက်ခက်ထန်တဲ့ စစ်မြေပြင်တွေကိုပဲ ကြုံတွေ့ခဲ့ဖူးတာ။ ပြီးတော့ အချစ်ရေးနဲ့ ပါတ်သက်ပြီး အတွေ့အကြုံနကန်းတစ်လုံးမှ မရှိတဲ့ စစ်နတ်ဖုရားမ. . .။
ငါ အရမ်းကို ရိုးအလွန်းခဲ့တယ်။
ရိုးအလွန်းလို့ ငါ ချင်းဟန်အပေါ်ထားတဲ့ စိတ်တွေ ပြောင်းလာတာကိုတောင်ငါ သတိမထားမိခဲ့ဘူး။ချင်းဟန်က ငါ့ကို မိန်းမသားတစ်ယောက်လို မေတ္တာသက်ဝင်စရာလို့ မမြင်တာကို ငါ အသေအချာသိပါတယ်။ ငါက သူ့အသက်သခင်ကျေးဇူးရှင်။ ငါက သူလေးစားရတဲ့ ဆရာသခင်။
ငါက သူ့မိသားစုဝင်လို့တောင်မှတ်ယူလို့ ရချင်ရနိုင်မှာ။ အားကိုးမှီခိုစရာ တည်ရှိမှုတစ်ခုပေါ့။
ငါ သူ့ကို တီးခေါက်ကြည့်ဖို့လည်း စိတ်မကူးမိပါဘူး။
ငါ့ခံစားချက်တွေကို အတည်ပြုဖို့လည်း ငါ မကြိုးစားခဲ့ဘူး။
ဘယ်လိုပဲ ဖြစ်နေပါစေ၊ ငါ ဘယ်လိုခံစားရတယ်ဆိုတာကို လုံးလုံး မသိခဲ့တာတော့ မဟုတ်ဘူး။ အဲ့ဒီ့ နှစ်တစ်ရာအတွင်းမှာ ငါ ချင်းဟန်ကို တပည့်တစ်ယောက်သာလို့ သဘောမထားဘူးဆိုတာကို မတော်တဆ ငါ သိလိုက်ရတဲ့ အချိန်နှစ်ချိန်ရှိခဲ့တယ်။ပထမတစ်ကြိမ်က ဝက်မိစ္ဆာလေး လူယောင်ဖန်ဆင်းပြီး ချင်းဟန်ကို ကြိုက်သွားတုန်းက. . .