ဟိုကောင်စုတ်လေး ထွက်မသွားသေးဘူး။ ဒီလောက် လေတွေ နှင်းတွေ ဒဏ်ကို ခံနေရတာတောင် မဖျားမနာဘူးဆိုတော့ သူလည်း သာမန်သေမျိုးလူသားတော့ မဟုတ်တန်ဘူး။
ငါ့ကျင့်ကြံဆင့်တွေ အတွင်းအားတွေ ရုတ်လျော့လာလို့သာ သူ့အဆင့်ကို မမှန်းဆနိုင်တော့တာ ဖြစ်မယ်။သေချာစဉ်းစားပြီးတဲ့နောက် ငါ သူ့ကို တိုက်လို့ အနိုင်ရချင်မှ ရမှာကို တွေးမိလိုက်တယ်။ ဒီတော့ ငါ သူ့ကို နှင်ထုတ်မနေတော့ဘူး။ မတော်လို့ အတင်းတွေ နှင်ထုတ်ရင်း တိုက်ပွဲတွေ ဖြစ်တဲ့အခါမှာ ငါ ရှုံးသွားရင် ဘယ့်နှယ့်လုပ်မတုန်း။
ဒီတောင်ပေါ်မှာ သူ ဆက်နေရတဲ့ အကြောင်းရင်းကို ငါ မသိနိုင် နားမလည်နိုင်ပေမယ့် ဒီအတိုင်းပဲ လွှတ်ထားလိုက်တော့တယ်။ မြေခွေးမှန်ရင် အချိန်တန်ရင်တော့ အမြီးထွက်လာမှာပဲလေ။
"ငါးစွပ်ပြုတ်" သင်းပျံ့ပျံ့မွှေးနေတဲ့ ငါးဟင်းစွပ်ပြုတ်တစ်ခွက် ငါ့ရှေ့ကို ရောက်လာတယ်။ ငါ နှုတ်ခမ်းတွေကို လျှာနဲ့ သပ်လိုက်ပြီး အားနာမနေတော့ဘူး။ တစ်ခါတည်း ကြုံးလိုက်တော့တာပဲ။လျူ ယွဲ့ ငါ့ဘေးနားလေးမှာ ဝင်ထိုင်ပြီး ခေါင်းကို ဘေးအသာငှဲ့စောင်းကာ ငါ့ကို ထိုင်ကြည့်နေတယ်။
ငါ သူ့ကို မျက်လုံးထောင့်ကပ်ကာ ပြန်ကြည့်မိတော့ ပါးစပ်ထဲက ငါးစွပ်ပြုတ်ဟာ မြိုရခက်နေသလိုလို ခံစားမိလိုက်ရတယ်။
"ဘာတွေ ကြည့်နေတာလဲ... အဲ့လောက် စိုက်ကြည့်နေတော့ ပန်းတွေ ပွင့်လာမှာ မို့လား..."ငါ အစကတော့ သူ့ကို လှောင်နေတာ။ ဒါပေမယ့် သူက ငါ တွေ့ဖူးသမျှ ထဲမှာ အရှက်မရှိဆုံး သတ္တဝါ ဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး။ သူက ခေါင်းညိတ်လိုက်တယ်လေ။ "ဟုတ်တယ်... ကျွန်တော့်အတွက်တော့ ခင်ဗျားက တောင်ထွတ်ဖျားက ပန်းကလေး... တိမ်တောင်ကြားက လရိပ်ကလေးပဲ..."
ငါ ကျောတောင်ချမ်းသွားမိ...
ဒီအသက်အရွယ်ရောက်တော့မှ ကလေးမတွေကို ချော့တဲ့ မြူ တဲ့ စကားလုံးတွေ အပြောခံရလို့ နားထောင်နေရတယ်လို့...
ငါ ကြက်သီးထနေတာတွေကို မနည်း ပြန်ပြင်ယူရင်း ငါးစွပ်ပြုတ်တွေ အကုန်မော့သောက်ချ ပစ်လိုက်တော့တယ်။ "ပန်းကန်တွေ ဆေးထားလိုက်..."