ချင်းဟန် ငါ့တပည့် မဖြစ်လေးခင်မှာ ရန်သူတွေ ရှိခဲ့တာကို ငါ မှတ်မိသေးတယ်။ အဲ့ဒီ့ရန်သူတွေက သူ့ကို မြူတောင်ပေါ်ရောက်တဲ့ထိ နောက်က လိုက်ဖမ်းနေခဲ့တာ။
ဒါပေမယ့် ဒီကိစ္စကို ငါ သူ့ကို မမေးမိသလို၊ ထပ်လည်း မသိချင်ခဲ့ဘူး။ငါ့အမြင်မှာ၊ သူ ငါ့တပည့်ဖြစ်လာပြီးရင် အပြင်လောကနဲ့ အဆက်ဖြတ်ရမှာပဲလို့ ထင်ခဲ့တာ။ လူငယ်တွေရဲ့ ချစ်ခြင်းကြိုက်ခြင်း၊ မုန်းခြင်းငြိုးခြင်း ကိစ္စ အရှုပ်အထွေးတွေကို ငါ အရေးလုပ်ဖို့လည်း စိတ်မပါခဲ့ဘူးလေ။
ချင်းဟန်ကလည်း ငါ့ကို ကတိအတန်တန်ပေးခဲ့တာပဲ။ ငါ့တပည့်ဖြစ်လာမှတော့ သူ့အတိတ်ကို ထားရစ်ခဲ့ပါ့မယ်လို့လေ။ ငါလည်း ဆက်ပြီး မေးမနေတော့ဘူး။ သူ အရင်က လမ်းဘေးတေလေကြမ်းပိုးပဲ ဖြစ်ဖြစ်၊ မင်းမျိုးမင်းနွယ်ပဲ ဖြစ်ဖြစ် အကြောင်းမဟုတ်ပါဘူး။ ငါ့အမြင်မှာက သူ့ကို ငါ ကယ်လိုက်တဲ့ အချိန်ကစပြီး သူ့အသက်ကို ငါ ပိုင်သွားပြီရယ်ပေါ့။
ရယ်စရာကောင်းတာက. . . ချင်းဟန်က အဲ့သလို မတွေးဘူး. . .။
သူ့မှာလည်း သူ့လျို့ဝှက်ချက်နဲ့ သူ. . .
ဒီလိုဆိုတော့၊ သူ သိုင်းကွက်တွေ သင်ယူလို့ပြီး၊ ဂါထာမန္တာန်တွေ တတ်မြောက်လို့ပြီးတာနဲ့ ငါ့ကို အကွက်ဆင်လုပ်ကြံဖို့ ပြင်တော့တာပဲ။
ခုလို အချိန်တွေ အများကြီး နှောင်းပြီးတဲ့တိုင်၊ ငါ အဲ့ဒီနေ့ကို မှတ်မိနေသေးတယ်။ အဲ့နေ့က နှင်းတွေ ကျတော့ မယောင်ယောင်။ ငါ့တန်ခိုးအစွမ်းတွေကလည်း ရုတ်လျော့ခမ်းခြောက်စ ပြုနေတော့ ငါ တစ်ချိန်လုံး ပင်ပန်းနွမ်းလျ နေရတယ်။
ငါ အိမ်ထဲမှာ တစ်ရေးတမော အိပ်မောကျနေတုန်း ချင်းဟန်ရဲ့ မိုင်တစ်ထောင် အသံပို့မန္တာန်ကို ကြားလိုက်တာ။ "ဆရာ... ရေကန်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ရှိနေတယ်...!"
*မိုင်တစ်ထောင် အသံပို့လွှတ်မန္တာန်က ရှန်းရှ ဝတ္ထုတွေမှာ သုံးတဲ့ အင်းအိုင်မန္တာန်တစ်မျိုးပါ။ သူ့ function က ဘိုပြောရမလဲ. . . Voice message လိုပဲ။*