တကယ်တော့ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တုန်းက ငါ့မှာ တပည့်တစ်ယောက် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့ဒီတပည့် သေသွားခဲ့တယ်. . .
သူ ငါ့ရဲ့ နတ်ဓားကို ခိုးသွားပြီး ငါ့ကို ပြန်တိုက်ခဲ့တာ... ပြီးတော့ သူ့ကိုယ်ရေးကိုယ်တာ ရန်ငြိုးကိစ္စ သွားဖြေရှင်းသတဲ့...
နောက်တော့ သူ. . .သေသွားခဲ့တယ်။
ငါ ငါ့တပည့်ကို စတွေ့တုန်းကဆိုရင် သူက အတော်ငယ်ငယ်ရှိသေးတာပဲ။ အခု ဒီအတင့်ရဲတဲ့ ကောင်လေးထက်ကို နှစ်အနည်းငယ်လောက် ပိုငယ်မယ်ထင်တယ်။
ငါ မှတ်မိပါသေးတယ်...
အဲဒီနေ့တုန်းက ရာသီဥတု မကောင်းဘဲ နှင်းတွေ ကျနေခဲ့တာ။ သူ မြူတောင်ပေါ်ကို အထိတ်တလန့် ပျာယီးပျာယာ ကျူးကျော်ဝင်လာခဲ့တာ။
ပြီးတော့ သူ ရေကန်မျက်နှာပြင်ပေါ်က ခဲနေတဲ့ ရေခဲလွှာထဲကို ကျွံကျသွားခဲ့တယ်။အဲ့အချိန်တုန်းက ငါက ကမ်းပါးထိပ်က ထင်းရှူးပင်ထိပ်မှာ။ သွေးသံရဲရဲ သူ့ခန္ဓာကိုယ် ရေကန်ထဲကျသွားပြီး ရေခဲရေထဲ ယက်ကန်ယက်ကန်နဲ့ အသည်းအသန် ကူးတက်ဖို့ ကြိုးစားတာတွေ၊ နောက်ဆုံး နစ်မြုပ်သွားခဲ့တာတွေကို စောင့်ကြည့်နေမိခဲ့တယ်။
ငါ မှတ်မိသေးတယ်...
သူ့ကို ရေကန်ထဲက ဆွဲထုတ်၊ သူ့ရင်ဘတ်ကို ဖိကာ ရေတွေ ပြန်အန်ထွက်နိုင်အောင် လုပ်ပေးခဲ့တာတွေကို။
သူက ရေခဲပြင်ပေါ်မှာ လှဲရင်း တွေဝေမိန်းမောနေပုံပဲ။
သူ ငါ့ကို အသံအက်ရှရှနဲ့ မေးခဲ့တယ်။
"ခင်ဗျားက နတ်ဒေဝါလား..."ငါက ပြန်ဖြေခဲ့တယ်။ "ဟုတ်တယ်..." လို့
"ခင်ဗျား... ကျွန်တော့်ကို လာကယ်တာလား"
ငါ တဒင်္ဂတော့ နှုတ်ဆိတ်နေမိတယ်။ ဘာလို့ဆို အမှန်တိုင်း ပြောရရင် ငါ တောင်ပေါ်ကအဆင်း သူ့ကို အမှတ်မထင် တွေ့လိုက်မိတာပဲ။
ဒါပေမယ့် သူ့ပုံစံက ထိတ်ထိတ်ပျာပျာ နာနာကျင်ကျင်ဖြစ်နေရှာတဲ့ သတ္တဝါငယ်လေးလို ဖြစ်နေတော့ ငါလည်း စိတ်ပျော့သွားပြီး ခေါင်းညိတ်ပေးလိုက်မိတယ်။ "ဟုတ်တယ်..."ငါ့အဖြေကို ကြားလည်း ကြားရော၊ သူ စိတ်သက်သာရာရ သက်မချလိုက်ပြီး ကျေးဇူးတင်ကြောင်း ရေရွတ်ပြီးတဲ့အခါ မေ့လဲသွားတော့တာပဲ။