ငါ တပည့်လက်မခံတော့ဘူး...
ဒီလူငယ်က ငါ အရင်တွေ့ဖူးတဲ့ ချင်းဟန်ထက်တောင်ပိုကြည့်ကောင်းနေတယ်ဆိုတာတောင်မှပေါ့။အတိတ်အကြောင်းကို ပြန်စဉ်းစားမိရင်အစာစားချင်စိတ်ပါ ပျောက်မိတယ်။
ငါ့မျက်နှာချင်းဆိုင်ထိုင်နေသူကတော့ ငါ့မျက်နှာထားကို သေချာ ကြည့်နေရင်း စိုးရိမ်တကြီးပုံနဲ့ မေးရှာတယ်။ "ဘာဖြစ်သွားတာလဲ..."
ငါ တူကို ချ ထားလိုက်ပြီး အမှုမဲ့ အမှတ်မဲ့ရယ်ပြန်ပြောဖြစ်လိုက်တယ်။ "ငါ သိပ်မကြာခင်သေရတော့မယ့်အကြောင်း တွေးမိတော့ မြိုမကျတော့ဘူး ဖြစ်နေတယ်..."
ငါ ပြောလိုက်တာကို သူ မယုံကြည်နိုင်တဲ့အလား ငါ့ကို မျက်လုံးအဝိုင်းသားနဲ့ သူ ငေးစိုက်ကြည့်နေတယ်။
ဘာပဲဖြစ်ဖြစ်လေ... ငါ ပြောခဲ့တာက အမှန်တရားပဲကို။ ငါ သူ့ကို ဖုံးကွယ်ထားဖို့လည်း မရည်ရွယ်ပါဘူး။
"ငါ နင့်ကို ဘွင်းဘွင်းရှင်းရှင်း တစ်ခါတည်း ပြောထားလိုက်မယ်... ဒါ ငါ့ ကံကြမ္မာပဲ... ငါ့အချိန်ကျရောက်လာပြီ... အခုနောက်ပိုင်းဆို ငါ ကောင်းကောင်းလည်း မမြင်ရတော့ဘူး... နားလည်း သိပ်မကြားတော့ဘူး... အရင်တစ်ချိန်တုန်းကလို သတိတွေလည်း မကောင်းတော့ဘူး... ပြီးတော့ ငါ့နတ်တန်ခိုးတွေ သိသိသာသာ ရုတ်လျော့သွားပြီ ဖြစ်သလို ငါ့မှာ နင့်ကို သင်ပေးနိုင်တာ ဘာမှ မရှိဘူး... နင်ဟာ ခန္ဓာကိုယ်တောင့်တင်း ကြံခိုင်တာပဲ... ဉာဏ်လေးလည်း ကောင်း မျက်နှာအရေကလည်း ထူတော့ ကျင့်ကြံဖို့အတွက်ကောင်းတာပေါ့... ငါ့ ခြံဝန်းက ထွက်ညာဘက်ချိုးပြီး တောင်ပေါ်က ဆင်းသွားလိုက်... အခြားတစ်ယောက်ကိုသာ ဆရာတင်လိုက်ပါတော့..."
ငါ အများကြီး ပြောလိုက်တာပဲ။ ဒါပေမယ့်သူကတော့ ငါ ဆိုလိုချင်တာကို သဘောမပေါက်လိုက်ဘူးလား မသိဘူး။ သူ လုပ်တာဆိုလို့ ငါ့ကို ငေးငိုင်ကြည့်နေတာပဲ... သူ မျက်နှာက ဖြူ ဖျော့နေလို့။ အသံခပ်အက်အက်နဲ့ သူ ဖြစ်ညှစ်ပြောလာတယ်။ "ဒါ. . . ဘယ်တုန်းက စပြီး ဒီလို ဖြစ်ရတာလဲ..."