Part 28

2K 214 71
                                    

( unicode )

ညဦးယံကောင်းကင်ထက်၌ တစ်ပါးတည်းမင်းမူလျှက်ရှိသော လမင်းငယ်သည် Blue Eden Palace၏အခန်းငယ်ကို အပြည့်အဝအလင်းပေးနေသလို...။ ပြတင်းပေါက်မှဝင်ရောက်လာသော လရောင်ခြည်လေးသည် အခန်းတွင်းသို့တိုးဝင်ကာ မွေ့ယာထက် လဲလျောင်းသောတစ်ယောက်သောသူထံပါး ခစားသည့်နှယ် တည့်တည့်မတ်မတ်အလင်းရောင်ဖြာကျနေသည် ။

မျက်လုံးကိုအတိမှိတ်ကာ မေ့မြောနေသူမှာ ယခုထိသတိပြန်မလည်လာသေးပေ။ အားလျော့ကာ ​ဖျော့ရော့နေသောမျက်နှာငယ်လေးကို ကြည့်ရင်း Park Jayရင်ထဲတဆစ်ဆစ်ပင်။ ဝန်းလေးဒီလိုဖြစ်တာ သူ့အမှားမို့ ရင်ထဲမှာအပူတွေနှင့်ပြည့်ကြပ်နေသလို ခံစားနေရသည်။

အစကတည်းက ထိမိလိုက်တာနဲ့ညှိုးနွမ်းသွားနိုင်တဲ့ပန်းငယ်လေးတစ်ပွင့်လို ထိလွယ်ရှလွယ် ဝန်းလေးကိုမှ ဒီလိုထိတ်လန့်စရာတွေပြုမူပြမိခဲ့တာ Jayတကယ်နောင်တရပါသည်။ တုန်လှုပ်နေတဲ့မျက်ဝန်းတွေနဲ့ သူလက်ကိုတားယူတဲ့သူက ချက်ချင်းဆိုသလို မျက်လုံးမှိတ်ကျပြီး သူ့ရင်ခွင်ထဲပြိုလဲကျလာတော့ Park Jayမှာ ကမ္ဘာပျက်မတတ် ။

ဆရာဝန်ကိုချက်ချင်းခေါ်ပြီးအခြေအနေကိုကြည့်ခိုင်းတော့ ဝန်းလေးကအတိတ်ကိုပြန်လည်ပုံဖော်ဖို့ ကြိုးစားနေတဲ့ပုံ ။ မရောက်လာသေးတဲ့မှတ်ဉာဏ်တွေကို အတင်းအကြပ်ပြန်ခေါ်ယူရင် ဝန်းလေးထိခိုက်သွားမှာကို သူကြောက်လွန်းခဲ့ပေမယ့် ဝန်းလေးကတော့ ဆိုးပေလွန်းစွာပင် အတိတ်ကမှတ်ဉာဏ်တွေကိုမှ တူးဆွချင်နေသည်မှာ အားတက်သရော။

ဘာမှမလှပတဲ့အတိတ်တွေကိုလှည့်ကြည့် နာကျင်ရမှာကျိန်းသေပေါက်မို့ ပြန်မသွားဖို့ Park Jayဆုတောင်းခဲ့ရပေမယ့် သူ့၏ဆုတောင်းကို ကံကြမ္မာကရော ဝန်းလေးကပါ လျစ်လျူရှုနေသလားမပြောတတ် ။

အရင်ကထက်ပိန်သွယ်သွားသောဖြူလွှလွှမျက်နှာလေးပေါ် သွေးရောင်လေးတွေ သန်းလာပြီဖြစ်သည်။ ပုံမှန်အနေအထားပြန်ဖြစ်လာသောအသက်ရှူသံ​သဲ့သဲ့ကိုကြားလိုက်ရမှ Jayတစ်ယောက် စိုးရိမ်ပူပန်မှုကြောင့် တင်းခံထားမိတဲ့စိတ်အစဥ်ကို သက်ပြင်းနှင့်အတူ ချလိုက်မိသည်။

𝖻𝗅𝗎𝖾 𝖾𝖽𝖾𝗇 | 𝗃𝖺𝗒𝗐𝗈𝗇 [𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now