Unicode
ထိုညတစ်ညလုံးလင်းရာဟာ မီးအိမ်အလင်းဖျော့ဖျော့အောက်မှာ ထိုင်လျက်အိပ်မပျော်နိုင်ခဲ့။ ခပ်စူးစူးအရက်နံ့ဟာ လင်းရာရဲ့အကျီများထိစွဲကပ်လာသလိုမျိုး။ လင်းရာဟာ ပန်းချီကားကိုငေးစိုက်ကြည့်ပြီးအတိတ်နေ့ရက်များကိုပြန်မြင်ယောင်လာခဲ့သည်။
ညနက်တဲ့အထိတစ်ယောက်ထဲတိတ်တဆိတ်စောင့်နေတတ်သော မေမေ့ရဲ့ပုံရိပ်များ။
ညနက်မှမူးပြီးပြန်လာမှာ
ထိုစကားဟာမေမေ့ရဲ့နှုတ်ဖျားကမထွက်ခဲ့ပေမဲ့ဖေဖေဟာ အမြဲလိုလိုညနက်မှပြန်လာတတ်စမြဲ။ ပစ္စည်းများပစ်ပေါက်သံကစပြီး ရန်ပွဲများ။ အညိုအမဲဒဏ်ရာများကိုဖုံးကွယ်လိုတာကြောင့် လက်ရှည်အကျီခပ်ပွပွများဟာ မေမေ့ရဲ့ပြယုဂ်တစ်ခုဖြစ်နေခဲ့ပြီး နာကျင်ခါးသီးမှုများရောယှက်နေသော အမှတ်တရများဟာ မီးအိမ်ရဲ့အလင်းများလို မှောင်သွားလိုက်လင်းလာလိုက်။ လင်းရာဟာ ခါးသီးနာကျင်မှုများရဲ့လှိုက်စားမှုကြောင့် နှလုံးသားဟာ အောင့်သက်သက်ခံစားလာရသည်။
ချောက်ခနဲအသံတစ်ခုအဆုံးမှာ လင်းရာရဲ့လက်ချောင်းများဟာထပ်မံမလှုပ်ရှားတော့။ တိတ်ဆိတ်စွာငြိမ်သက်နေရင်းမှ ပိန်းပိန်းမှောင်သောအမှောင်ထုကို ငေးစိုက်ကြည့်နေမိသည်။
တိတ်ဆိတ်ခြောက်ကပ်လွန်းတဲ့ အခန်းငယ်ထဲ ဖုန်မှုန့်များရောယှက်နေသော အိုဟောင်းဟောင်းအခန်းနံ့ကိုရှူရှိုက်ရင်းမှ ရင်းနှီးသော အမွှေးနံ့တစ်ခုဟာ ဖျော့တော့စွာ ဝေ့ဝဲလာသည်။
'မေမေ...'
ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ နှလုံးသားထဲအကြိမ်ကြိမ်အော်ခေါ်နေခဲ့ပါသော စကားလုံးနှစ်လုံး။ နွေးထွေးမှုနဲ့အတူ နှလုံးသားဟာ ငြိမ်းအေးပြီးနှစ်သိမ့်မှုတစ်ခုခံစားရသလိုမျိုး။ ထိုကဲ့သို့ခံစားချက်မျိုးဟာ အချိန်အတော်ကြာပျောက်ရှနေခဲ့ပြီးမှ လင်းရာဆီရောက်ရှိလာခဲ့သည်။ ဖြည်းဖြည်းချင်း ထိုခံစားချက်ဟာ လင်းရာကိုထွေးပွေ့လိုက်သလိုမျိုး။
ကာကွယ်ပေးမှု။ အကာအကွယ်လိုအပ်နေမှုဆိုတာ လုံခြုံမှုမရှိတဲ့သူမျိုးအတွက်အထူးလိုအပ်တာမှန်းလင်းရာပိုပိုနားလည်လာခဲ့သည်။ ဖြည်းဖြည်းချင်း အလင်းရောင်ဟာ ပြတင်းတံခါးဆီမှ ဖျော့တော့စွာကျဆင်းလာခဲ့ပြီး အမှောင်ထုကိုတိုက်စားပစ်ချိန်အထိ လင်းရာဟာ မလှုပ်မယှက်နှင့် တစ်နေရာထဲကို မိန်းမောတွေဝေစွာငေးစိုက်ကြည့်နေဆဲ။ အလင်းရောင်အားကောင်းလာပြီးပန်းချီကားကို မြင်လာနိုင်ချိန်မှာတော့ တစ်စုံတစ်ယောက်ရဲ့ အပြုံးရေးရေးလေးဟာ လင်းရာရဲ့အတွေးထဲလှစ်ခနဲ ပေါ်ထွက်လာခဲ့သည်။